ရွေးကောက်ပွဲကာလ နိုင်ငံရေးပါတီများနှင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရွေးကောက်ပွဲကာလ နိုင်ငံရေးပါတီများနှင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Published 2 April 2015
ကျော်ဇင်ဝင်း

ရွေးကောက်ပွဲကာလ နိုင်ငံရေးပါတီများနှင့် မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ဧပြီ ၁ ရက်မှ ၂ ရက် အထိ ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲကို ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ (DIPD) မှ ကမကထပြု၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ ၄၀ ကျော်၊ သတင်းမီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းအချို့ တက်ရောက်ခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ရွေးကောက်ပွဲကာလ မီဒီယာများလိုက်နာရမည့် ကျင့်ဝတ်ရေးဆွဲနေမှု၊ ပါတီများနှင့် မီဒီယာများအကြား သတင်းရေးသားမှု အငြင်းပွားဖွယ် ဖြစ်ပွားပါက ဖြေရှင်းရန်နည်းလမ်းများ၊ နိုင်ငံရေးပါတီများ၏ သတင်းများအား ဖော်ပြရာတွင် ပါတီကြီး/ငယ် မခွဲခြားဘဲ ထည့်သွင်းဖော်ပြနိုင်ရေး၊ ပါတီများမှလည်း မီဒီယာများနှင့် ဆက်သွယ်နိုင်ရေး လမ်းကြောင်းများ ဖွင့်လှစ်ထားရေးစသည့် အချက်များအား အဓိက ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားပါတီများ အနေဖြင့် ပြည်နယ်ဒေသများတွင် အဓိက အခြေစိုက်သဖြင့် အချို့ဒေသများတွင် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုအား ဒေသခံပြည်သူ့စစ်ကဲ့သို လက်နက်ကိုင်အဖွဲ့များမှ နှောင့်ယှက်မှုများ ရှိသောကြောင့် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားမှုများ ဆောင်ရွက်ခဲ့သော်လည်း သတင်းမီဒီယာများနှင့် အလှမ်းဝေးသောကြောင့် အများပြည်သူ သိရှိနိုင်ရန် တင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် နယ်စွန်နယ်ဖျားရှိ မဲလိမ်၊ မဲခိုးမှုများ၊ လက်နက်ကိုင်တရားမဲ့ ပြုကျင့်မှုများအား မီဒီယာများက ဖော်ပြရေးသားမှသာ လျော့ကျနိုင်မည်ဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဗဟိုကော်မတီဝင် ဦးလာချီးက ပြောကြားသည်။
ထို့အတူ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မီဒီယာသမားတစ်ဦးက မီဒီယာအချို့တွင် ပါတီကြီး၊ ပါတီငယ်ဟူ၍ သတင်းဖော်ပြမှုအတွက် ရာခိုင်နှုန်းအချိုးချထားမှုများ ရှိကြောင်း၊ ပါတီတာဝန်ရှိသူများ အနေဖြင့် မီဒီယာများ မေးမြန်းသည့်အခါ ဖြေဆိုနိုင်သည့် တရားဝင်ပုဂ္ဂိုလ် သတ်မှတ်ထားပြီး ရှင်းရှင်းလင်း ပြောကြားစေလိုကြောင်း၊ ရွေးကောက်ပွဲကာလ သတင်းများဖော်ပြရာတွင် ပုဂ္ဂလိကသတင်းဌာနများတွင်သတင်းဖော်ပြမှုအား ဆွေးနွေးသကဲ့သို့ နိုင်ငံပိုင်သတင်း မီဒီယာများအနေဖြင့် မည်သို့ရပ်တည် ဆောင်ရွက်မည်ကိုလည်း မေးခွန်းထုတ်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
“ပါတီတွေဘက်ကလည်း အကြီးအငယ် အရွယ်အစား အကုန်ရှိတဲ့အတွက်မျှမျှတတ ဘယ်လိုထည့်မလဲ။ စာနယ်ဇင်းဘက်ကလည်း သူတို့ရဲ့လုပ်ငန်းစဉ်အရ အကြောင်းအချက် အမျိုးမျိုးရှိတဲ့အတွက် အကုန်လုံးကို ညီတူမျှတူ မထည့်ပေးနိုင်ဘူးဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ဒီနေ့မှာတော့ ဘာလေးအဖြေထွက် သွားလည်းဆိုရင် သက်ဆိုင်ရာ မီဒီယာတွေက ပေါ်လစီလေး တစ်ခုချဖို့ပါပဲ။ ရာခိုင်နှုန်းနဲ့ ပါတီကြီးဆို ဘယ်လောက်ရာခိုင်နှုန်း၊ ပါတီသေးဆို ဘယ်လောက်ရာခိုင်နှုန်း အစရှိသဖြင့် ဒီလိုသတ်မှတ်ထားမယ်ဆိုရင် တစ်ပြေးညီလည်းဖြစ်မယ်။ မီဒီယာတွေ အားလုံးက ဒါကိုလိုက်နာကြမယ်ဆိုရင် ဒါသည်မျှတတဲ့ သဘောပါပဲ။ အဲဒါကိုလည်း ကျွန်မတို့က ဖြစ်နိုင်ရင်တော့ အခုဒီဗွီဘီတို့ ဘာတို့က ဒီလိုပုံစံနဲ့ ဆောင်ရွက်နေပြီလို့ ပြောသံကြားပါတယ်။ အလားတူပဲ အခြားမီဒီယာတွေလည်း ဒီလိုပဲဆောင်ရွက် သွားကြမယ်ဆိုရင်တော့ ကျွန်မတို့မျှမျှတတ ဖြစ်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ပြောကြားသည်။
 

Most Read

Most Recent