ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအား နိုင်ငံ့ဘဏ္ဍာငွေမှ သင့်တင့်သည့်စရိတ်ချီးမြှင့်ငွေရရှိရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးရန် လွှတ်တော်ဆုံးဖြတ်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအား နိုင်ငံ့ဘဏ္ဍာငွေမှ သင့်တင့်သည့်စရိတ်ချီးမြှင့်ငွေရရှိရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးရန် လွှတ်တော်ဆုံးဖြတ်
Published 24 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများအား နိုင်ငံတော်၏ဘဏ္ဍာငွေမှ သင့်တင့်သည့် စရိတ်ချီးမြှင့်ငွေခံစားရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။နေပြည်တော်တွင် မတ် ၂၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က "နိုင်ငံတော်၏လွှတ်တော်အဆင့်ဆင့်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကို ရွေးချယ်တင်မြှောက်ပေးရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြီးကြပ်မှုဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်နေကြသူများအား နိုင်ငံတော်၏ဘဏ္ဍာငွေမှ သင့်တင့်လျောက်ပတ်သည့် စရိတ်ချီးမြှင့်ငွေခံစားနိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးသင့်ကြောင်း" အဆိုကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။"တာဝန်ထမ်းဆောင်နေသည့်ပုဂ္ဂိုလ်များမှာ မြို့မိမြို့ဖလူကြီးများ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်မှချီးမြှင့်ထောက်ပံ့သော လစာ၊ ချီးမြှင့်ငွေတစ်စုံတစ်ရာ ခံစားခွင့်ရှိကြသူများမဟုတ်ကြဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဘဏ္ဍာနှစ်အလိုက် ခွဲဝေချထား အသုံးစရိတ်ငွေများမှ အသုံးစရိတ်များကို ခံစားရရှိသူများဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ဆွေးနွေးပြောကြားသည်။ယင်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးဝင်းကိုက "တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ မြို့နယ်အဆင့်အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် စေတနာအလျောက် ပါဝင်ဆောင်ရွက်နေကြသည့် အများယုံကြည်လေးစားခြင်းခံရသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအပါအဝင် ပုဂ္ဂိုလ်ခြောက်ဦးတို့အား ထိုက်သင့်သည့်ခံစားခွင့်ရရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်သည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လေ့လာတွေ့ရှိရပါတယ်" ဟု ရှင်းလင်းပြောကြားသည်။အထက်ပါပုဂ္ဂိုလ်များ ထိုက်သင့်သည့်ခံစားခွင့်ရရှိရန် ကော်မရှင်အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် စရိတ်ခံစားခွင့်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ယူခံစားနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိပြီး ထိုက်သင့်သည့်လစဉ်ထောက်ပံ့ကြေး လစာ (သို့မဟုတ်) ချီးမြှင့်ငွေများ နိုင်ငံတော်ဘဏ္ဍာငွေမှ ထုတ်ယူခံစားခွင့်ပေးနိုင်ရေးအတွက်ကိုမူ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများမရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း ဦးဝင်းကိုက ဆက်လက်ပြောကြားသည်။ရွေးကောက်ပွဲလုပ်ငန်းများနှင့်ပတ်သက်၍ ပြုလုပ်သည့်အစည်းအဝေးကာလများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ခရီးသွားလာရသည့်ရက်များအတွက် ကော်မရှင်မှသတ်မှတ်ပေးထားသည့် နေ့ရက်ထက်မပိုစေဘဲ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးလျှင် အစည်းအဝေးထိုင်စရိတ်ကို ကျပ် ၅၀၀၀ နှင့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးညွှန်ကြားချက်နှင့်အညီ ထုတ်ယူခံစားခွင့်ပေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။"လက်ရှိခေတ်ကာလနှင့် လျော်ညီစွာပြုပြင်ပြောင်းလဲ၍ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရန်လိုအပ်ကြောင်း တွေ့ရှိရပါသဖြင့် တိုးမြှင့်ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်ဦးဝင်းကိုကပြောကြားသည်။ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသူများအား တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် တစ်ဦးလျှင် တစ်လကျပ်နှစ်သိန်း၊ ခရိုင်အဆင့်တွင် တစ်လကျပ်တစ်သိန်းခွဲ၊ မြို့နယ်အဆင့်တွင် တစ်လကျပ်တစ်သိန်းနှုန်းတို့ဖြင့် ထောက်ပံ့ပေးသင့်သည်ဟု အခြေခံလျာထားပြီး လျာထားတွက်ချက်မှုအရ တစ်နှစ်လျှင် ၃၄၅၈ ဒသမ ၄ သန်းကုန်ကျမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုကဆိုသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင် တင်သွင်းသည့်အဆိုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲလေးမဲသာရှိပြီး ထောက်ခံသူများသဖြင့် လွှတ်တော်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent