မတ်လ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မတ်လ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 24 March 2015

ဝေဖန်မှုများနှင့် တရားစီရင်ရေး
 
မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့်ပတ်သက်၍ ထောက်ပြဝေဖန်မှုများ ပိုများလာသည်။ အမှုများ ကိုင်တွယ်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍လည်း ဆန္ဒဖော်ထုတ်မှုများ ပိုမိုပြုလုပ်လာကြသည်။ တရားစီရင်ရေးမဏ္ဍိုင်သည်လည်း လူထုနှင့် အနီးဆုံး ထိတွေ့ဆက်ဆံရသော မဏ္ဍိုင်ဖြစ်သည့် အားလျော်စွာ လူထုယုံကြည်မှုရရှိအောင် ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထု ဖိစီးနိုင်သည်များကို သတိပြုဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသည်။ တရားစီရင်ရေးနှင့်ပတ်သက်၍ ဝေဖန်မှုများအနက် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မျှတသော တရားစီရင်ရေး ပေါ်ပေါက်စေလိုကြောင်း တောင်းဆိုမှုများ အများဆုံးပါဝင်နေသည်။ 
 
ပြီးခဲ့သည့် မတ် ၁၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ် ရေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုနဲ့ ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြားခဲ့သည်။ 
လွှတ်တော်ကိုယ်စားလှယ်က “တရားသူကြီး၏ ဆုံးဖြတ်ချက်များသည် ဥပဒေနှင့် ညီညွတ်မှုမရှိပါက မည်သို့ အရေးယူဆောင်ရွက်သည်နှင့် ဖြောင့်မတ်မှန်ကန်မှုမရှိသော တရားသူကြီး မည်မျှရှိကြောင်း၊ မည်သည့်မြို့နယ်များတွင် အရေးယူထားကြောင်း” စသည်ဖြင့် မေးမြန်းခြင်းဖြစ်သည်။ ဤသို့မေးသည်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က “ တရားသူကြီးများဟာ မိမိတို့စစ်ဆေးစီရင်ရတဲ့ အမှုများကို စစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းပြုလုပ်ရာမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေတို့နဲ့အညီ ဆောင်ရွက်ကြရပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ဥပဒေပါပြဋ္ဌာန်းချက်ကို အဓိပ္ပာယ်ကောက်ယူရာမှာ မှားယွင်းခြင်း၊ ဥပဒေပြဋ္ဌာန်းချက်နဲ့ ညီညွတ်မှုမရှိခြင်းတို့ကြောင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ညီညွတ်မှု မရှိခြင်းမျိုး ဖြစ်ပေါ်တတ်ပါတယ်။ တရားသူကြီးတစ်ဦးရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ညီညွတ်မှု မရှိခြင်းအတွက် ၎င်းတို့ကျူးလွန်ခဲ့တဲ့ကိစ္စရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ မှာ ပြဋ္ဌာန်းထားတဲ့ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကိုးမျိုးအနက် သင့်လျော်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခြင်းတို့ဖြင့် ၎င်းတို့အပေါ် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဖြေကြားခဲ့သည်။ ၎င်း၏ဖြေကြားချက်အရ တရားသူကြီးနှစ်ဦး (ဟုမ္မလင်းမြို့နယ်တရားသူကြီးကို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်၊ ရန်ကင်းမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီးကိုလည်း လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း စိစစ်တွေ့ရှိ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ကျင့် ၅၁၂ အရ တရားစွဲဆိုခြင်း)အား ဥပဒေကြောင်းအရ အရေးယူထားကြောင်းနှင့် ၃၆ ဦးအား ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်အရေးယူထားကြောင်း သိရသည်။ 
 
လတ်တလောတွင်လည်း လက်ပံတန်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသူများအား ညအချိန် ရုံးထုတ်ခြင်းအပေါ် ဝေဖန်ခြင်းများ၊ အလွန်အကျွံ အင်အားသုံးခဲ့မှု၌ တာဝန်ရှိသူများအား အရေးယူပေးရန် တောင်းဆိုခြင်းများအပါအဝင် လွတ်လပ်၍ မျှတသော တရားစီရင်ရေးဆိုင်ရာ စိန်ခေါ်မှုများစွာလည်း ရှိနေသည်။ နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သော တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်မှုမရှိမှသာ ပြည်သူတို့ဘဝ လုံခြုံစိတ်ချရပြီး နိုင်ငံအမှန်တကယ် တည်ငြိမ်အေးချမ်းမှု ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိမှလည်း ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် မယိမ်းမယိုင် တည့်မတ်စွာဖြင့် ပြည်သူများ ယုံကြည်စိတ်ချမှုရှိလာအောင် တည်ဆောက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent