စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၆

စစ်အေးတိုက်ပွဲ၏ အကျိုးသက်ရောက်မှုနှင့် အစိုးရကို အတင်းအဓမ္မ ဖြုတ်ချမှုများ - ၆
၁၉၈၀ ပြည့်နှစ် သြဂုတ် ၂၆ ရက်က ပိုလန်နိုင်ငံ ဂက်ဒန့်စ်မြို့ရှိ လီနင်သင်္ဘောကျင်းတွင် သပိတ်မှောက်အလုပ်သမားများအား အလုပ်သမား တက်ကြွလှုပ်ရှားသူ လက်ဗူဝမ်ဆာက မိန့်ခွန်းပြောနေစဉ် (Photo - Britannica)
၁၉၈၀ ပြည့်နှစ် သြဂုတ် ၂၆ ရက်က ပိုလန်နိုင်ငံ ဂက်ဒန့်စ်မြို့ရှိ လီနင်သင်္ဘောကျင်းတွင် သပိတ်မှောက်အလုပ်သမားများအား အလုပ်သမား တက်ကြွလှုပ်ရှားသူ လက်ဗူဝမ်ဆာက မိန့်ခွန်းပြောနေစဉ် (Photo - Britannica)
Published 8 October 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်း အမေရိကန်အစိုးရသည် ကမ္ဘာကြီးကို ဦးဆောင်မှု၊ သြဇာလွှမ်းမိုးမှုနှင့် လုံခြုံမှုအတွက် ဆိုဗီယက်ယူနီယံနှင့် အပြင်းအထန် အားပြိုင်ခဲ့သည်။

ထရူးမင်းအစိုးရလက်ထက်တွင် အမေရိကန်အစိုးရသည် ကွန်မြူနစ်ဝါဒ လွှမ်းမိုးလာမည်ကို စိုးရိမ် လာခဲ့ပြီး အစိုးရအပြောင်းအလဲတွင် ရံဖန်ရံခါ၌ ဆိုဗီယက်ယူနီယံကိုယ်တိုင် ပါဝင်ကူညီမှု ရှိလာသည့်အ တွက် ဒိုမီနိုသီအိုရီကို ဖော်ထုတ်ခဲ့ကာ နောက်တက်လာသည့် အမေရိကန်သမ္မတများသည်လည်း ထရူးမင်း၏ လမ်းစဉ်ကို လိုက်ခဲ့သည်။

ထို့နောက်တွင် အမေရိကန်ပြည်ထောင်စုသည် အစဉ်အလာအားဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကျ နယ်မြေဒေသများဖြစ်သည့် ဗဟိုအမေရိကနှင့် ကာရစ်ဘီ ယံဒေသများကိုကျော်လွန်၍ ဖြန့်ကြက်လှုပ်ရှားသည့် ပထဝီဝင်နယ်နိမိတ်ကို ချဲ့ထွင်ခဲ့သည်။

အထင်ကရ စီမံလှုပ်ရှားမှုများအနက် အမေရိကန်နှင့် ဗြိတိန်တို့ စီစဉ်ခဲ့သည့် ၁၉၅၃ ခုနှစ် အီရန်အာဏာသိမ်းမှု၊ ၁၉၆၁ ခုနှစ်က ကျူးဘားကို ပစ်မှတ်ထားသည့် ဝက်ပင်လယ်အော်ကျူးကျော်မှုနှင့် အင်ဒိုနီးရှားတွင် သမ္မတဆူကာနိုကို ဗိုလ် ချုပ်ကြီး ဆူဟာတိုက ဖြုတ်ချမှုအ ပေါ် ထောက်ခံအားပေးမှု ဖြစ်စဉ်များ ပါဝင်သည်။

ထို့ပြင် အမေရိကန်သည် ၁၉၄၈ ခုနှစ်တွင် အီတလီ၊ ၁၉၅၃ ခုနှစ်တွင် ဖိလစ်ပိုင်၊ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဂျပန်၊ ၁၉၅၇ ခုနှစ်တွင် လက်ဘနွန်နှင့် ၁၉၉၆ ခုနှစ်တွင် ရုရှား၌ပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ တွင် ကြားဝင်စွက်ဖက်ခဲ့သည်။

အမေရိကန်သည် ၁၉၄၆ မှ ၂၀၀၀ ပြည့်နှစ်ကာလအတွင်း ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများတွင် ပေါ်ပေါ်ထင်ထင်ဖြင့် တစ်နည်း၊ တိတ်တိတ်ပုန်းဖြင့် တစ်သွယ်ကြား ဝင်စွက်ဖက်မှု ၈၁ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်ဟု လေ့လာမှု တစ်ရပ်အရ သိရသည်။

အခြားလေ့လာမှုတစ်ရပ်တွင်လည်း အမေရိကန်သည် စစ်အေးကာလအတွင်း အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်စေရန် ပေါ်ပေါ်ထင်ထင် သို့မဟုတ် တိတ်တဆိတ် ကြိုးပမ်းမှု ၆၄ ကြိမ်တွင် ပါဝင်ခဲ့သည်ဟု ဖော်ပြထားသည်။

ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်းတွင် အမေရိကန်သည် နိုင်ငံအများအပြား၏ အုပ်ချုပ်ပုံကို အဆုံးအဖြတ်ပေးသည့် စစ်ပွဲများကို ဦးဆောင်ခဲ့သည် သို့မဟုတ် ကျောထောက်နောက်ခံပြုပေးခဲ့သည်။

ယင်းစစ်ပွဲများတွင် အကြမ်းဖက်မှုနှိမ်နင်းရန် ရည်ရွယ်သည်ဟု ဆိုသည့် အာဖဂန်စစ်ပွဲ၊ လူအစု လိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်သည့် လက်နက်များ (WMDs) ကို ဖယ်ရှားရန်ရည်ရွယ်သည်ဟု ကြွေးကြော်ခဲ့သည့် အီရတ်စစ်ပွဲတို့ ပါဝင်သည်။

ပိုလန် (၁၉၈၀-၁၉၈၉)

၁၉၅၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ပိုလန်သည် တစ်ပါတီစနစ်ကျင့်သုံးသော ကွန်မြူနစ်နိုင်ငံ (ပိုလန်ပြည်သူ့သမ္မတနိုင်ငံ) ဖြစ်လာခဲ့သည်။ ယင်းကို ဆန့်ကျင်သည့်အနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် Solidarity အလုပ်သမားအစည်းအရုံး ပေါ်ပေါက်လာခဲ့ပြီး ယင်းကို ၁၉၈၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

ရေဂင်အစိုးရသည် Solidarity အဖွဲ့အစည်းကို ထောက်ခံခဲ့ပြီး စီအိုင်အေ၏ ထောက်လှမ်းရေးသတင်းကို အခြေခံ၍ ဂျင်မီကာတာ အစိုးရ စိုးရိမ်သကဲ့သို့ ဆိုဗီယက် တပ်များ ပိုလန်ကို မကြာမီ အင်အား အလုံးအရင်းဖြင့် ကျူးကျော်လိမ့် မည်ဟူသော အခြေအနေကို တားဆီးရန်အတွက် လူထုဆက်ဆံရေး လှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

မိုက်ကယ်ရိုက်စ်မန်းနှင့် ဂျိမ်းစ် အီးဘေကာတို့က ပိုလန်တွင် လုပ်ဆောင်ခဲ့သည့် အော်ပရေးရှင်းများသည် စစ်အေးကာလအတွင်း စီအိုင်အေ၏ လျှို့ဝှက်လှုပ်ရှားမှုများအနက် ပါဝင်ခဲ့သည်ဟု ဆိုသည်။ ပိုလန်စစ်ဦးစီးအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ရစ်ဇာ့ဒ် ကူကလင်စကီးသည် စီ အိုင်အေထံ လျှို့ဝှက်သတင်းပေးပို့ခဲ့သည်။

စီအိုင်အေသည် Solidarity အဖွဲ့အတွက် နှစ်စဉ် ဒေါ်လာနှစ်သန်းဝန်းကျင် လွှဲပြောင်းပေးခဲ့ပြီး ငါးနှစ်အတွင်း စုစုပေါင်းဒေါ်လာ ၁၀ သန်း လွှဲပြောင်းပေးခဲ့သည်။ သို့သော် စီအိုင်အေနှင့် Solidarity တို့ အကြား တိုက်ရိုက်ချိတ်ဆက်မှုမရှိဘဲ လွှဲပြောင်းခဲ့သည့် ငွေကြေးအား လုံးကို တတိယအဖွဲ့အစည်းများ မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။

စီအိုင်အေအရာရှိများကို Solidarity အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပိတ်ပင်ထားပြီး စီအိုင်အေနှင့် Solidarnos တက်ကြွလှုပ်ရှားသူများအကြား ဆက်သွယ်မှုသည် AFL-CIO ချိတ်ဆက်မှုထက် ပိုမိုအားနည်းနေခဲ့သည်။

AFL-CIO သည် ၎င်းတို့အဖွဲ့ ဝင်များထံမှ ဒေါ်လာသုံးသိန်း မ,တည်ကောက်ခံပြီး ယင်းငွေကြေးများကို  Solidarity အတွက် ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများ တိုက်ရိုက်ပံ့ပိုးရာတွင် အသုံးပြုခဲ့ကာ Solidarity ၏ အသုံးပြုခွင့်ကိုလည်း ထိန်းချုပ်မထားခဲ့ပေ။

အမေရိကန်ကွန်ဂရက်သည် ဒီမိုကရေစီကို မြှင့်တင်အားပေးရန် National Endowment for Democracy (NED) ရန်ပုံငွေ ခွင့်ပြု ပေးခဲ့ပြီး Solidarity အဖွဲ့အတွက် ဒေါ်လာ ၁၀ သန်း ချထားပေးခဲ့သည်။    

ပိုလန်အစိုးရသည် ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးကို အသက်သွင်းခဲ့သော်လည်း Solidarity အဖွဲ့ကို သတိပေးခဲ့ခြင်း မရှိပေ။ ယင်းအခြေအနေနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်များသည် အမျိုးမျိုး ကွဲပြားနေသည်။

စီအိုင်အေသည် အငိုက်မိသွားခဲ့သည်ဟု အချို့က ယူဆနေပြီး အချို့ကမူ ပြည်တွင်း၌ ဖိနှိပ်ဖြိုခွင်း မှုသည် ရှောင်လွှဲ၍မရသော ဆိုဗီယက်တို့၏ ကြားဝင်မှုထက် ပိုကောင်းသည်ဟု အမေရိကန်၏ မူဝါဒရေးဆွဲသူများက ရှုမြင်ကြသည်ဟု ဆိုသည်။

Solidarity အဖွဲ့အတွက် စီ အိုင်အေ၏ အထောက်အပံ့များတွင် ငွေကြေး၊ အသုံးအဆောင်ပစ္စည်းများနှင့် သင်တန်းပေးမှုများ ပါဝင်ခဲ့ပြီး ယင်းတို့ကို အထူးစစ်ဆင်ရေး များဖြင့် ချိတ်ဆက်လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

အမေရိကန်သည် လျှို့ဝှက် ထုတ်ဝေသည့် သတင်းစာများ၊ ရုပ်သံထုတ်လွှင့်မှုများ၊ ၀ါဒဖြန့်မှုများ၊ ငွေကြေးနှင့် စည်းရုံးရေးဆိုင်ရာ အကူအညီနှင့် အကြံဉာဏ်များဖြင့် ထောက်ပံ့မှုများနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးခဲ့သည်ဟု အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဝင် ဟင်နရီဟိုက်ဒ်က ဖွင့်ဟခဲ့ဖူးသည်။

စီအိုင်အေ၏ လျှို့ဝှက်လှုပ်ရှားမှုများ အတွက် ကနဦးရန်ပုံငွေသည် ဒေါ် လာနှစ်သန်း ဖြစ်သော်လည်း မကြာမီတွင် တိုးမြှင့်ခွင့်ပြုခဲ့ကာ ၁၉၈၅ ပြည့်နှစ်တွင် စီအိုင်အေသည် ပိုလန်နိုင်ငံထဲသို့ အောင်မြင်စွာ စိမ့်ဝင်နိုင်ခဲ့သည်။

ချဒ် (၁၉၈၁-၁၉၈၂)

ပထမချဒ်ပြည်တွင်းစစ်ကာလ တစ်စိတ်တစ်ဒေသအဖြစ် ၁၉၇၅ ခုနှစ်တွင် ချဒ်စစ်တပ်က ဖရန်ဆွာ တွမ်ဘာဘေးကို ရာထူးမှဖြုတ်ချကာ ဖီးလစ်ဇ်မာလူမ်ကို နိုင်ငံတော်အကြီးအကဲအဖြစ် တင်မြှောက်ခဲ့သည်။ ဟစ်ဆန်ဟာဘရေး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ရာထူးမှဖြုတ်ချ ခံခဲ့ရသည်။

မာလူမ် ၁၉၇၉ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဂူကူ နီကွက်ဒေး နိုင်ငံအကြီးအကဲဖြစ်လာခဲ့သည်။ ကွက်ဒေးသည် ဟာဘရေးနှင့်အတူ အာဏာခွဲဝေရယူရန် သဘောတူညီခဲ့ပြီး ၎င်းကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်ခဲ့သော်လည်း မကြာမီတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ ၁၉၈၀ ပြည့်နှစ်တွင် ဟာဘရေးသည် ဆူဒန်သို့ နှင်ထုတ်ခံခဲ့ရသည်။

ထိုစဉ် အမေရိကန်အစိုးရသည် လစ်ဗျား၌ မွမ်မာဂဒါဖီကို ဆန့်ကျင်သည့်အင်အားစုကို အလိုရှိခဲ့ပြီး လစ်ဗျား၏ တောင်ပိုင်းအိမ် နီးချင်းဖြစ်သည့် ချဒ်ကို သင့်တော်သည့် ရွေးချယ်စရာအဖြစ် ရှုမြင်ခဲ့သည်။ ချဒ်နှင့် လစ်ဗျားတို့သည် ၎င်းတို့၏နယ်စပ် ပဋိပက္ခကိုအဆုံးသတ်ရန်နှင့် နှစ်နိုင်ငံအလုံးစုံညီညွတ်ရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သဘောတူညီမှုတစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကို အမေရိကန်က မလိုလားပေ။

ကွက်ဒေးသည် ဂဒါဖီနှင့် အလွန်ရင်းနှီးလွန်းသည်ဟုလည်း အမေရိကန်က ရှုမြင်ခဲ့သည်။ ဟာဘရေးသည် အနောက်လိုလားသူ၊ အမေရိကန်ကို လိုလားသူဖြစ်ကာ ကွက်ဒေးကို ဆန့်ကျင်သူလည်းဖြစ်သည်။  သို့ဖြစ်ရာ ရေဂင်အစိုးရသည် စီအိုင်အေမှတစ်ဆင့် ဟာဘရေးကို တိတ်တဆိတ်ထောက်ပံ့ခဲ့ပြီးနောက် ၁၉၈၁ ခုနှစ်တွင် ဟာဘရေး ပြည်တော်ပြန်လာခဲ့ပြီး ဆက်လက်တိုက် ပွဲဝင်ကာ ၁၉၈၂ ခုနှစ် ဇွန် ၇ ရက် တွင် ဂူကူနီ ကွက်ဒေးကို ဖြုတ်ချပြီးနောက် ချဒ်သမ္မတသစ် ဖြစ်လာခဲ့ သည်။

ဟာဘရေး အာဏာရလာပြီးနောက်တွင်လည်း စီအိုင်အေသည် ၎င်းကို ဆက်လက်ပံ့ပိုးကူညီခဲ့ကာ ချဒ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော လျှို့ဝှက်ရဲတပ်ဖွဲ့ဖြစ်သည့် Documentation and Security Directorate (DDS) ကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် လက်နက် ထောက်ပံ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် စီအိုင်အေသည် ၁၉၈၆ မှ ၁၉၈၇ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ချဒ်-လစ်ဗျား စစ်ပွဲတွင်လည်း ချဒ်ကို အကူအညီပေးခဲ့သည်။

နီကာရာဂွါ ( ၁၉၈၁-၁၉၉၀)

၁၉၇၉ ခုနှစ်တွင် Sandinista National Liberation Front ခေါ် FSLN နိုင်ငံရေးပါတီက အမေရိကန်နှင့် သဟဇာတဖြစ်သည့် ဆိုမိုဇာမိသားစုကို ဖြုတ်ချလိုက်သည်။

ဆိုမိုဇာမိသားစုဆိုသည်မှာ ၁၉၃၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ နီကာရာဂွါနိုင်ငံကို ၄၃ နှစ်ကြာ လွှမ်းမိုးလာခဲ့သည့် နိုင်ငံရေးမိသားစုအစဉ်အဆက်ကို ခေါ်ခြင်းဖြစ်သည်။ နိုင်ငံ၏ သမ္မတနေရာကို ၄၃  နှစ်လုံးလုံး ချုပ်ကိုင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ကြိုးဆွဲရာကမည့် ရုပ်သေးသမ္မတများမှတစ်ဆင့် နိုင်ငံကို        ခြယ်လှယ်ခွင့်ရနေခဲ့ခြင်းဖြစ်သည်။

ထို ဆယ်စုနှစ် လေးစုအတွင်း ဆိုမိုဇာမိသားစုသည် စီးပွားရေးလုပ်ငန်းများ၏ လာဘ်ထိုးမှုများ၊            မြေသိမ်းယူခြင်းများနှင့် ပြည်ပ အထောက်အပံ့များကို ကြားဖြတ်ယူခြင်း နည်းလမ်းများဖြင့်  ချမ်းသာ ကြွယ်ဝလာခဲ့သည်။

အစတွင် ဂျင်မီကာတာ (အမေရိကန်၏ ၃၉ ဦးမြောက်သမ္မတ) ဦးဆောင်သည့် အစိုးရက နီကာရာ ဂွါအစိုးရသစ်နှင့် အဆင်ပြေအောင် ကြိုးစားခဲ့သေးသည်။ သို့သော် ရော်နယ်ရေဂန် ( အမေရိကန်၏ ၄၀ ဦး မြောက်သမ္မတ) အစိုးရတက်လာသည့်အခါ ကွန်မြူနစ်ဆန့်ကျင်သည့် နိုင်ငံခြားရေးပေါ်လစီဘက်ကို ပိုရောက်လာခဲ့သည်။

၁၉၈၁ ခုနှစ် ဇန်နဝါရီတွင် ရေဂင်အစိုးရက နီကာရာဂွါ အစိုးရ ကို အကူအညီပေးမှု ရပ်ဆိုင်းလိုက် ပြီး   ၁၉၈၁ ခုနှစ်  သြဂုတ် ၆ ရက်နှင့်  နိုဝင်ဘာ ၁၇ ရက်တို့တွင် လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တစ်ရပ်စီ လက်မှတ်ရေးထိုးကာ နီကာရာဂွါ အစိုးရဆန့်ကျင်ရေးအဖွဲ့များအား လျှို့ဝှက်ထောက်ပံ့မှုများ လုပ်ဆောင်လာတော့သည်။

ထို့နောက်တွင် အမေရိကန်အစိုးရက နီကာရာဂွါအစိုးရကို ဖြုတ်ချနိုင်ရေးအတွက် ဟွန်ဒူးရပ်စ် နိုင်ငံအခြေစိုက် ကွန်ထရပ်ဟုခေါ်သည့် သူပုန်အဖွဲ့တစ်ဖွဲ့ကို သိုသိပ် စွာ လက်နက်နှင့် ငွေကြေးထောက် ပံ့ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ သင်ကြားပေးရာတွင် အမေရိကန် စီအိုင်အေက “Psychological Operations in Guerrilla War” ဆိုသည့် စာမျက်နှာ ၉၀ ပါ လမ်းညွှန်စာအုပ်ဖြင့် ပို့ချသင်ကြားပေးပြီး အများပြည်သူ ရှိရာအဆောက်အအုံများကို မည် သို့ ဖောက်ခွဲပုံ၊ တရားသူကြီးများကို မည်သို့လုပ်ကြံပုံ၊ အာဇာနည်များ မည်သို့ဖန်တီးပုံ၊ သာမန်ပြည်သူများ အား မည်သို့ခြိမ်းခြောက်အကျပ် ကိုင်ပုံ စသည်တို့ကို သိရှိစေခဲ့သည်။

ကွန်ထရပ်အဖွဲ့ကို အားပေးသည့်အပြင် တစ်ဖက်တွင်လည်း အမေရိကန်အစိုးရက တံတားများကို ဖောက်ခွဲကာ ဆိပ်ကမ်းများတွင် ဗုံးထောင်ခဲ့ခြင်းတို့ကြောင့် အနည်းဆုံး ကုန်သင်္ဘောခုနစ်စင်းနှင့် နီကာ ရာဂွါငါးဖမ်းသင်္ဘောများစွာ ပျက်စီးခဲ့ရသည်။ ခရင်တိုဆိပ်ကမ်းကိုလည်း တိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာရသူ ၁၁၂ ဦး ရှိခဲ့ကြောင်း နီကာရာဂွါအစိုးရက ထုတ်ပြန်ခဲ့သည်။

စစ်ပွဲများတွင် အမေရိကန် ဝင်ရောက်စွက်ဖက်ခြင်းကို ကွန်ဂရက်က အတည်ပြုတားမြစ်လိုက်သည့် Boland Amendment ဥပဒေအရ နီကာရာဂွါသူပုန်အဖွဲ့၏ လှုပ်ရှားမှုများအပေါ် အမေရိကန်အစိုးရက ထောက်ပံ့ခွင့်မရှိတော့သည့်အတွက် ရေဂင်အစိုးရက အီရန်အစိုးရကို လက်နက်များ ခိုးရောင်းကာ လျှို့ဝှက်အမေရိကန်အစိုးရ ယန္တရားတစ်ခုကို ငွေကြေးထောက်ပံ့ခဲ့သည်။ ထိုနည်းဖြင့် ကွန်ထရပ်အဖွဲ့ကိုလည်း တရားမဝင်ဆက်ပြီး ထောက်ပံ့ပေးခဲ့ကာ အီရန်-ကွန်ထ ရပ်ပတ်သက်မှုအဖြစ် ရှိလာစေခဲ့သည်။

၁၉၈၄ ခုနှစ် နီကာရာဂွါ ရွေးကောက်ပွဲတွင် Sandinista အစိုးရ အနိုင်ရခဲ့သည့်တိုင် အမေရိကန် အစိုးရက  ကွန်ထရက်အဖွဲ့ကို လက်နက်အပေးအကမ်းနှင့် လေ့ကျင့်ပေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၉၀ နီကာရာဂွါရွေးကောက်ပွဲတွင် ဂျော့ဂျ် အိပ်ချ်ဒဗလျူ ဘုရှ်အစိုးရက ကွန်ထရပ်အဖွဲ့ကို ဒေါ်လာ ၄၉ ဒသမ ၇၅ သန်းတန်ဖိုးရှိ (လူသေစေသည်အထိ မဖြစ်စေသည့်) အကူအညီများပေးရန် ခွင့်ပြုခဲ့သည်။ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို လုပ်ကြံကာ အတိုက်အခံပါတီ UNO ကို ထောက်ခံသည့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့သည်။ ရွေးကောက်ပွဲတွင် UNO အနိုင်ရပြီးနောက် ကွန်ထရက်အဖွဲ့က ဆက်လက်မလှုပ်ရှားတော့ပေ။

  ဂရီနာဒါ (၁၉၈၃)

၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် အမေရိကန်စစ်တပ်နှင့် ကာရေဘီယန်နိုင်ငံခြောက်နိုင်ငံ စုစည်းထားသည့် ညွန့်ပေါင်းအဖွဲ့က အမည်ဝှက် Operation Urgent Fury ဆိုသည့်စစ်ဆင်ရေးဖြင့် ဂရီနာဒါနိုင်ငံကို ကျူးကျော်ကာ ဟတ်ဆင်အော်စတင် ဦးဆောင်သည့် မာ့က်စ်ဝါဒီအစိုးရကို ဖြုတ်ချလိုက်သည်။ ဟတ်ဆင်အော်စတင်အစိုးရက ကျူးဘားစစ်တပ်၏ထောက်ခံမှုကို ရထားသည့်အစိုးရဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်၏ကျူးကျော်မှုက နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဟု သတ်မှတ်ခံခဲ့ရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင်လည်း အလားတူသတ်မှတ်ဆုံးဖြတ်ချက်မျိုးကို နိုင်ငံအများစုက ထောက်ခံခဲ့သည်။ သို့သော် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

ပနားမား( ၁၉၈၉-၁၉၉၄) 

၁၉၇၉ ခုနှစ်တွင် အမေရိကန်နှင့် ပနားမားတို့ ပနားမားတူးမြောင်းဇုန် အဆုံးသတ်ရေး သဘောတူစာချုပ်,ချုပ်ကာ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် တူးမြောင်းကို ပြန်လွှဲပေးမည်ဟု အမေရိကန်က သဘောတူခဲ့သည်။ ပနားမားနိုင်ငံကို အမေရိကန်၏မဟာမိတ် အာဏာရှင် မန် ယ်နိုရီအေဂါက အုပ်ချုပ်ခဲ့သည်။

မူးယစ်ဆေးမှောင်ခိုလုပ်မှုအပါအဝင် အချို့အကြောင်းရင်းများကြောင့် အမေရိကန်နှင့် ဆက်ဆံရေး ယိုယွင်းလာပြီးနောက် နိုရီအေဂါက ဆိုဗီယက်ဘလော့နှင့် ပူးပေါင်းရန် ကြိုးပမ်းလာတော့သည်။ ထိုအချက်က အမေရိကန်ကို စိတ်မအေးစေခဲ့ဘဲ အစိုးရအရာရှိများက ပနားမားကို အမေရိကန်ကျူးကျော်သင့်သည်ဟု ရော်နယ်ရေဂင်ကို ပြောလာကြသည်။ သို့သော်  ဂျော့ဂျ် အိပ်ချ်ဒဗလျူဘုရှ် CIA အကြီးအကဲအဖြစ် တာဝန်ယူခဲ့စဉ်က နိုရီအေဂါနှင့်ထားရှိခဲ့သည့် ဆက်ဆံရေးကြောင့် ကျူးကျော်ရေးအကြံကို သမ္မတရေဂင်က ဆိုင်းငံ့ထားခဲ့သည်။ သို့သော် ၄၁ ဦးမြောက် သမ္မတအဖြစ် ဘုရှ် တက်လာသည့်အခါ နိုရီအေဂါကို စတင်ဖိအားပေးလာတော့သည်။

၁၉၈၉ ပနားမားရွေးကောက်ပွဲတွင် မသမာမှုများရှိခဲ့ပြီး နိုရီအေဂါက အတိုက်အခံကိုယ်စားလှယ် လောင်းကို အာဏာမပေးသည့်အတွက် ပနားမားပြည်သူများ၏ဆန္ဒ ကို အလေးထားရန် ဘုရှ်က တိုက်တွန်းခဲ့သည်။ နိုရီအေဂါကို ဖြုတ်ချ အာဏာသိမ်းရန် ကြံစည်မှုများလည်း ပေါ်ပေါက်ခဲ့ပြီး အမေရိကန် နှင့်ပနားမားတပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုများပါ ရှိခဲ့သည်။ နိုရီအေဂါသည် အမေရိကန်တွင် မူးယစ်ဆေးမှုဖြင့် စွဲချက်တင်ခံခဲ့ရသေးသည်။

၁၉၈၉ ခုနှစ် ဒီဇင်ဘာတွင် အမည်ဝှက် Operation Just Cause စစ်ဆင်ရေးဖြင့် အမေရိကန်က ပနားမားကို ကျူးကျော်ခဲ့သည်။ အစတွင် ရှောင်တိမ်းနိုင်ခဲ့သော်လည်း နောက်ပိုင်း နိုရီအေဂါကို အမေရိကန်တပ်များက ဖမ်းမိသွားသည်။ ပနားမားသမ္မတနေရာကို ရွေးကောက်ခံ ဂီယာမို အန်ဒါရာက တာဝန်ယူခဲ့ပြီး  ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီတွင် Operation Just Cause စစ်ဆင်ရေးကို အမေရိကန်က အဆုံးသတ်လိုက်သည်။ ထို့နောက် ၁၉၉၄ ခုနှစ်မတိုင်မီအထိ ပနားမားအစိုးရသစ် ထွက်ပေါ်လာစေရန် Operation Promote Liberty အမည်ဖြင့် စစ်ဆင်ရေးကို အမေရိကန်က ဆင်နွှဲခဲ့ပြန်သည်။

Most Read

Most Recent