Mother Finance ကုမ္ပဏီသည် ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ချေးငွေကုမ္ပဏီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းက နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားသည့် သတိထားရမည့် အွန်လိုင်း Apps များဟုဆိုသည့် စာရင်း၌ Mother Finance ကုမ္ပဏီ၏ Apps မှားယွင်းပါဝင်လာသဖြင့် ဖြေရှင်းရခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
“အစ်မတို့က ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့ ချေးငွေကုမ္ပဏီပါ။ တရားဝင် အလုပ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်” ဟု Mother Finance ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Mother Finance ကုမ္ပဏီမှာ ၂၀၁၆ ခုနှစ်ကတည်းက ဗဟိုဘဏ်၏ အသိအမှတ်ပြုလိုင်စင်ရရှိထားသည့် ချေးငွေကုမ္ပဏီတစ်ခုဖြစ်သည်။
“အစ်မတို့က ချေးငွေကို အွန်လိုင်းကနေ ဖောင်တင်စိစစ်ပြီး ထုတ်ချေးပေးတာပါ။ တနိုင်ငံလုံးနီးပါးလောက် ချေးငွေပေးပါတယ်။ ရုံးကတော့ ရန်ကုန်မှာပဲရှိတယ်” ဟု Mother Finance ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Mother Finance ကုမ္ပဏီမှာ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အချို့၊ ပြည်သူအချို့ကို ချေးငွေထုတ်ချေးသည့် လုပ်ငန်းအား ခြောက်နှစ်ကျော်ကြာအောင် လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ရေးသားဖော်ပြခဲ့သည့် “Online အန္တရာယ် သတိပြုဖွယ်” ဆောင်းပါးတွင် ဖော်ပြခဲ့သည့် Application ၃၅ ခုအနက် Mother Finance Application မှာ တရားဝင်မှတ်ပုံတင်ထားသည့် လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်ကြောင်း ကုမ္ပဏီက စာရေးသူထံ အသိပေးအကြောင်းကြားလာကြောင်း၊ စာရွက်စာတမ်းအထောက်အထားများအရ Mother Finance ကုမ္ပဏီသည် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပါကြောင်းနှင့် စာရေးသူ၏ဆောင်းပါးတွင် အဆိုပါကုမ္ပဏီ၏ Logo အမှတ်တံဆိပ်ကို လိမ်လည်သည့် ချေးငွေစာရင်းတွင် ဖော်ပြခဲ့မှုနှင့်ပတ်သက်၍ စာရေးသူက တောင်းပန်အပ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ဖော်ပြထားသည်။