ပြည်သူတို့၏ သဘောထား/ထင်မြင်ချက်တို့သည် နိုင်ငံရေးလောကတွင် အရေးကြီးသည်။ ပဒေသရာဇ်ခေတ်တွင် ပြည်သူတို့၏ ထင်မြင်ချက်သဘောထားသည် အုပ်ချုပ်သူတို့ထံ ပေါက်ရောက်ချင်မှ ပေါက်ရောက်မည်ဖြစ်သည်။ ပြည်သူတို့၏အသံကို အုပ်ချုပ်သူများ မကြားစေရန် နံရံများစွာခံနေသည်။ မင်းတုန်းမင်းကြီးက “ငါမကောင်း ငါ့ကိုရေး” ဟု လမ်းဖွင့်ပေးခဲ့သည်မှန်သော်ငြား ယင်းသို့ရေးလိုက်သည့်စာသည် ဘုရင့်ထံ မည်မျှပေါက်ပြီး မည်မျှလောက်ထိ အရေးတယူဆောင်ရွက်ပေးခဲ့ကြောင်း မှတ်တမ်းများ နည်းပါးလှသည်။ အများပြည်သူတို့၏ ထင်မြင်ချက် Public Opinion က အရှိန်အဝါကောင်းလာလျှင်၊ အမှန်တကယ်စစ်မှန်သည့် Opinion ဖြစ်လာလျှင် ဒီမိုကရေစနစ် ထွန်းကားလာပြီဟု ဆိုရမည်။ လူတိုင်းတွင် ထင်မြင်ချက်တို့ရှိနိုင်သည်။ ထုတ်ဖော်နိုင်ခြင်းရှိ မရှိနှင့် ထုတ်ဖော်ခွင့်ရှိ မရှိတို့သာ ကွာခြားနိုင်သည်။
Oxford English Dictionary ကို “တစ်စုံတစ်ခုနှင့်ပတ်သက်၍ လူတစ်ဦးတစ်ယောက်၏ သဘောထားထင်မြင်ချက်သာဖြစ်သည်။ မှန်ကန်ကြောင်း အခိုင်အမာ သက်သေထင်ရှား ပြနိုင်လောက်အောင် ပြည့်စုံသည်ဟုမဆိုနိုင်။ သေချာကြောင်း အခိုင်အမာ မပြောနိုင်သော်လည်း လူတစ်ဦးတစ်ယောက်၏ စိတ်ထဲတွင် ဖြစ်တန်ရာသည်။ မှန်ကန်နိုင်သည်ဟု သဘောရသည့် ထင်မြင်ယူဆချက်။ မှတ်ယူချက်သာဖြစ်သည်” ဟု ဖွင့်ဆိုထားသည်။ သို့သော် အက်ဒဝပ်ဂစ်ဘွန်ဆိုသူက သူ၏ Decline and Fall of the Roman Empire စာအုပ်တွင် “လူ့သမိုင်းဖြစ်စဉ်ကို ဖန်တီးပေးသော အင်အားစုများအနက် ပြည်သူတို့၏ ထင်မြင်ချက်သဘောထားသည် တစ်တပ်တစ်အားဖြစ်သည်” ဟု ရေးသားထားသည်။ ထိုအချိန်မှစ၍ အများပြည်သူဆိုင်ရာ ထင်မြင်ချက်သဘောထားကို အင်အားစုကြီးတစ်ခုအဖြစ် ထင်မြင်ယူဆလာခဲ့ကြသည်။ ပြည်သူ့သဘောထားဟူသည် ပြည်သူများထဲတွင် တဖြည်းဖြည်း အမြစ်တွယ်လာစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်။ ပြည်သူတို့ထံမှ အမှန်တကယ်ပေါက်ဖွားလာခြင်း ဖြစ်ချင်မှဖြစ်လိမ့်မည်။ အထူးသဖြင့် လူတို့စုဝေးနေထိုင်လာကြသည့်အခါ လူမျိုးစုအတွင်း ခေါင်းဆောင် သို့မဟုတ် သြဇာအရှိဆုံးပုဂ္ဂိုလ်၏ ထင်မြင်ချက်သဘောထားသည် အများ၏သဘောထား ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
ပြည်သူတို့ ထင်မြင်ချက်သဘောထားသည် လူ့အဖွဲ့အစည်းအတွင်း အရေးပါလာသည်နှင့်အမျှ အုပ်ချုပ်သူအာဏာပိုင်တို့နှင့် နေရာတကာတွင် ထိပ်တိုက်ရင်ဆိုင်စရာများ ဖြစ်လာသည်။ ထင်မြင်ချက်တစ်ခုသည် လူတိုင်းတွင်ရှိလာနိုင်ပြီး ထိုထင်မြင်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သည့်အခါတွင် တိုးတိုးတိတ်တိတ် ပြောဆိုကြတော့သည်။ တိုးတိုးတိတ်တိတ်ပြောသံများ များလာလျှင် ကျယ်လောင်သည့်အသံ ဖြစ်လာတတ်သည်။ ပေါင်းအိုးထဲတွင် ဖိအားများလာပါက အပေါက်ကလေးတစ်ပေါက် ရလိုက်သည်နှင့် ဝုန်းခနဲ ထွက်ပေါက်ရှာကာ တွန်းကန်ထွက်လာတတ်သည့် သဘောရှိသည်။ ၃၂ ဦးမြောက် အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့က “လူသားတို့၏ သာမန်ထင်မြင်ချက်များသည် အစပထမပိုင်း၌ ဟိုလူပြော၊ သည်လူပြောနှင့် ရိုးသယောင်ရှိနေသော်လည်း ရေရှည်တွင် လူတစ်စုအပြောထက် ပို၍သာသည်” ဟုဆိုသည်။ ဆိုလိုသည်မှာ လူတစ်စု အပြောထက် လူထုအပြောက ပိုပြီးထိရောက်သည်ဟူ၍ဖြစ်သည်။
ဒီမိုကရေစီထွန်းကားလာခြင်းသည် ပြည်သူတို့အား မိမိတို့ဆန္ဒသဘောထားအမှန်ကို ထုတ်ဖော်ခွင့်ပေးခြင်းကြောင့်ဖြစ်ပြီး ပဒေသရာဇ်စနစ် ကျဆုံးရခြင်းသည် အာဏာကို အသုံးချကာ ပိတ်ပင်ထားတတ်သောကြောင့်ဖြစ်သည်ဟု သုံးသပ်ကြည့်နိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီ ထွန်းကားလာခြင်းသည် ဆင်ခြင်တုံတရား ထွန်းကားလာပြီး ထိုဆင်ခြင်တုံတရားကို ထင်မြင်ချက် သဘောထားအဖြစ် ထုတ်ဖော်ခွင့် ရလာသောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ မဲဆန္ဒဖြင့်ရွေးချယ်ခြင်းသည် ပြည်သူတို့၏ ထင်မြင်ချက် သဘောတရားကို သိရှိရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်မတိုင်မီ အစိုးရကိုပြည်သူတို့ ရွေးချယ်ခွင့်လည်း မရှိ၊ ဖြုတ်ချခွင့်လည်းမရှိပေ။ ဒီမိုကရေစီကြောင့် ပြည်သူတို့ အစိုးရတစ်ရပ်ကို မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့်၊ ဖြုတ်ချခွင့်များ ရရှိလာကြသည်။ တစ်ဦးချင်း ထင်မြင်ချက်များကို ပြည်သူ့ထင်မြင်ချက်သဘောထားအဖြစ် ပြောင်းရန် မဲပုံးထောင်၍ ရွေးချယ်ခြင်းသည် ဒီမိုကရေစီ၏ အခြေခံအဆင့်ဖြစ်သည်။
လူအများ၏ ဆန္ဒမဲဆိုသည်မှာ အမှန်တရားတစ်ခုဟူ၍ ယူဆရန်မဖြစ်နိုင်ပေ။ အများဖြစ်နေသောကြောင့် အားကောင်းသည့်အသွင်ကိုသာ ဆောင်စေပြီး အမှန်တရား ဖြစ်ချင်မှဖြစ်ပေမည်။ သို့သော် ဒီမိုကရေစီဆိုသည် အများဆန္ဒ၊ အများသဘောထားကို လေးစားရသည်ဖြစ်သောကြောင့် ‘အများ’ ဆိုသည်မှာ ‘အားများ’ ဖြစ်သွားစေသည်။
“အသိပညာ၏ ဆွဲဆောင်ခြင်းဘက်သို့ ပါသွားခြင်းထက် အပြောကောင်းသူများဘက်သို့ ပါသွားတတ်ခြင်းမှာ စိုးရိမ်စရာကောင်းသည်” ဟု ဒီမိုကရေစီ၏အန္တရာယ်အဖြစ် ပလေတိုက သတိပေးဖူးသည်။ သို့ဖြစ်ရာ အများဆိုသည်မှာ ဒီမိုကရေစီသဘောတရားဖြစ်သော်လည်း အများနောက် မလိုက်နိုင်သည့် ပြည်သူထဲမှ ပြည်သူတို့တွင်လည်း သူတို့သဘောထားနှင့် သူတို့ ရပ်တည်ခွင့်ပေးနိုင်သည့်စနစ်သည်သာ ပြည်သူများအတွက် အကောင်းဆုံးဟု ဆိုရမည်။ ပြည်သူ့သဘောထားဟူသည် စာရွက်ပေါ်တွင်မရှိ၊ စာရွက်ပေါ်တွင် ရေးထား၍လည်း မရ၊ နှလုံးသားထဲ၌သာ ရှိသည်ဖြစ်၍ Opinion များကို အမှန်တကယ်ဖော်ထုတ်ခွင့်ပေးခြင်း၊ နားထောင်ပေးခြင်း၊ လိုက်လျောပေးခြင်း၊ နားလည်ပေးခြင်းတို့ဖြင့်သာ နိုင်ငံတစ်ခုကို ကောင်းစွာတည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ဇူလိုင် ၂၇ ရက်ထုတ် The Daily Eleven သတင်းစာမှ အယ်ဒီတာ့အာဘော်









