မြန်မာနိုင်ငံတွင် ရှယ်ယာရှင် ၁၀၀ နှင့် အထက်ရှိသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ ၄၆ ခုရှိပြီး ယင်းကုမ္ပဏီများအား ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပ ဏီများဖြစ်လာေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက တိုက်တွန်းခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီခုနစ်ခုရှိရာမှ လက်ရှိအချိန်တွင် အဋ္ဌမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (Myanamar Argo Exchange Public Co.,Ltd ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
အဆိုပါကုမ္ပဏီအား ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လက်ခံသည့် အခမ်းအနားကို ဇူလိုင် ၃ ရက်က ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ အရင်းအနှီးစျေးကွက် စတင်တည်ထောင်ချိန်မှ (၈) နှစ်တာကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) အပါအဝင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများကတစ်ဆင့် အရောင်းအဝယ်များပြုလုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာစေရန် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းကြီးများက လုပ်ငန်းဆောင်ရွက်ကြရာတွင် ကာလရှည်ငွေကြေးအရင်းအနှီးသည် မရှိမဖြစ်လိုအပ်သဖြင့် လိုအပ်လျက်ရှိသည့် ကာလရှည်ငွေကြေးအရင်းအနှီးများကို အရင်းအနှီးစျေးကွက်မှတစ်ဆင့် အစုရှယ်ယာများ ထုတ်ဝေရောင်းချခြင်း၊ ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချခြင်းတို့ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
တစ်ဖက်တွင်လည်း အစုရှယ်ယာများဝယ်ယူရင်းနှီးမြှုပ်နှံကြသော ပြည်သူများအနေဖြင့် ကုမ္ပဏီကခွဲဝေပေးသည့် အမြတ်ဝေစုများ ရရှိနိုင်ခြင်း၊ ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အရင်းအနှီးစျေးကွက်တွင် ရောင်းဝယ်ခြင်းမှတစ်ဆင့် ငွေဖြစ်လွယ်မှုဖြစ်ပေါ်စေခြင်းနှင့် ရှယ်ယာများပြန်လည်ရောင်းချခြင်းမှ အမြတ်အစွန်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသော စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ရန်သင့်လျော်သော ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေး မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည် တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ အထူးကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေထူထောင်၍ အစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။









