ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ ပြည်တွင်းလုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူထားသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့အငှားအိမ်ရာများတွင် အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်လိုသဖြင့် စိတ်ပါဝင်စားသူ ပြည်တွင်းလုပ်ငန်းရှင်များ တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
တင်ဒါလျှောက်လွှာများကို ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက်မှ ၂၈ ရက်အထိ ရောင်းချမည် ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ဇွန် ၂၉ ရက်အထိ တင်သွင်းနိုင်မည်ဖြစ်ပြီး တင်ဒါ လျှောက်လွှာများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂၂၈/၂၃၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် တင်သွင်းရမည်ဖြစ်ကြောင်းနှင့် တင်ဒါလျှောက်လွှာပုံစံနှင့် အသေးစိတ်အချက်အလက်များကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ဖုန်း-၀၁-၃၈၇၂၆၂ နှင့် ၀၉-၆၉၉၉၉၈၈၁၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည် ဆောက်ပြီးဖြစ်သည့်မြို့များဖြစ်စေရန်နှင့် ယင်းမြို့များတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အိမ်ခန်းပေါင်းတစ်သန်းအထိ တည်ဆောက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန်ဆောင်ရွက်နေကြောင်း သိရသည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန် ပုံ ငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်း ပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည် တော်၌ အခန်းပေါင်း ၁၂၀ ၊အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အ စိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့်အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်း အိမ်ခန်း ၈၄၁၆ ခန်းတည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့်နှစ်ရှည်အိမ်ရာချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိသည်။









