၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိ

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိ
Published 30 May 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

မေ ၂၉ ရက်က နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း ၄၀၀ ခန့် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံးဖြစ်ပွားကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ရောဂါဖြစ်ပွားသူ ၁၅၁၃၁ ဦး၊ သေဆုံးသူ ၆၈ ဦး၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသူ ၅၄၄၆ ဦး၊ သေဆုံးသူ ၃၆ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားသူ ၂၄၉၇၁ ဦး၊ သေဆုံးသူ ၉၇ ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် သုည ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများပြားနေသည်ကို တွေ့ရှိရကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများမရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်း နှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်း ကျောင်းသူ ကျောင်းသားများဖြစ်သည့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျားလောက်လမ်း ကင်းစင်ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်လျက်ရှိသော ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ကူညီပံ့ပိုးမှု၊ စည်ပင်သာယာရေးကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုများ လိုအပ်ပါကြောင်း၊ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သည့် Abate (ပိုးလောက်လမ်း သေဆေး)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ပညာပေးဗီနိုင်း၊ လုပ်ငန်းလမ်းညွှန် စာအုပ်များနှင့် ခြင်ဆေးဖျန်းစက် (Thermal Fogging Machine)များနှင့် ကုသရေးဆိုင်ရာဆေးဝါးများကို အကျိုးရှိထိရောက်စွာ အသုံးချရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ကုသရေးများတွင် အရေးပါသည့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးအမျိုးအစား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

Most Read

Most Recent