သရုပ်ဆောင်အမီယာခန်းသည် ပြီးခဲ့သည့်နှစ်က Laal Singh Chaddha ရုပ်ရှင် ထွက်ရှိလာခဲ့ပြီးနောက် ရုပ်ရှင်ရိုက်ကူးမှုများမှ အနားယူထားပြီး လက်ရှိတွင် ၁၀ ရက်ကြာ ကမ္မဋ္ဌာန်းထိုင်ရန်အတွက် နီပေါသို့ရောက် ရှိနေသည်ဟု သိရသည်။
အမီယာခန်းသည် နီပေါနိုင်ငံခတ္တမန်ဒူ မြို့တော်မှ ၁၂ ကီလိုမီတာဝန်းကျင်အကွာရှိ ဘွတ်ဟာနီလ်ကန်သာမြို့တွင်တည်ရှိသော Vipssana တရားစခန်းတွင် ကမ္မဋ္ဌာန်းထိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ယင်းတရားစခန်းသည် ခတ္တမန်ဒူ၏ အကျော်ကြားဆုံးတရားစခန်းများတွင် အပါအဝင်ဖြစ်သည်။
Vipssana တရားစခန်းမှတာဝန်ရှိသူ ရပ်ဂျိုတီက “ဟုတ်ပါတယ်။အမီယာခန်းက ဒီမှာကမ္မဋ္ဌာန်းထိုင်ဖို့ ရောက်ရှိနေပါတယ်။ သူ ဒီကိုလာဖို့ စာရင်းသွင်းထားပြီးသားပါ။ အမီယာခန်းကလေဆိပ်ကနေပြီး ဘွတ်ဟာ နီလ်ကန်သာမြို့ကို တိုက်ရိုက်လာခဲ့ပါတယ်”ဟု ANI သတင်းကို ပြောကြားခဲ့သည်။
အမီယာခန်းသည် ခတ္တမန်ဒူမြို့တော်သို့ မေ ၇ ရက်နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အမီယာခန်းက မေ ၇ ရက်နံနက်ပိုင်းမှာ ခတ္တမန်ဒူကို Vistara လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက PTI သတင်းကို ပြောကြားခဲ့သည်။
အမီယာသည် ၂၀၁၄ ခုနှစ်က ခတ္တမန်ဒူတွင် ပြုလုပ်သည့် UNICEF အခမ်းအနားတစ်ခုကို တက်ရောက်ရန် နောက်ဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်က Laal Singh Chaddha ရုပ်ရှင်ထွက်ရှိလာခဲ့ပြီးနောက်အမီယာသည် အနုပညာလှုပ်ရှားမှုများမှ အချိန်ကာလအတော်ကြာ အနားယူသွားမည်ဟုထုတ် ပြန်ကြေညာခဲ့သည်။ သူသည် ရုပ်ရှင်ဇာတ် ကားအသစ်တစ်စုံတစ်ရာရိုက်ကူးမည့် အစီအစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာထားခြင်းမရှိပေ။
သို့သော်သူသည် ရုပ်ရှင်နှင့်အများပြည် သူအခမ်းအနားများတွင် ပွဲတက်လေ့ရှိသည်ကို တွေ့မြင်ကြရသည်။
လွန်ခဲ့သည့်နိုဝင်ဘာလက အမီယာခန်းသည် ဒေလီတွင်ပြုလုပ်သည့်ပွဲတစ်ခုသို့ တက်ရောက်လာခဲ့ပြီး ယင်းပွဲ၌ မိသားစုနှင့်အချိန် ကုန်ဆုံးရန်အတွက် အချိန်အတော်ကြာအ နားယူသွားမည်ဟုပြောကြားခဲ့သည်။