မန္တ​လေးမြို့တွင် ဂိုဏ်းအုပ်စုများဖွဲ့ကာ ဓါးခုတ်လုယက်မှု ကျူးလွန်​နေသူများကို မြို့ခံပြည်သူအချို့မှ ပြန်လည်ခုခံဖမ်းဆီး​လျက်ရှိ

မန္တ​လေးမြို့တွင် ဂိုဏ်းအုပ်စုများဖွဲ့ကာ ဓါးခုတ်လုယက်မှု ကျူးလွန်​နေသူများကို မြို့ခံပြည်သူအချို့မှ ပြန်လည်ခုခံဖမ်းဆီး​လျက်ရှိ
Published 12 March 2023

မန္တလေးမြို့တွင် ဂိုဏ်းအုပ်စုများဖွဲ့ကာ ဓါးခုတ်လုယက်မှု ကျူးလွန်နေသူများကို မြို့ခံပြည်သူအချို့မှ ယခုရက်ပိုင်းအတွင်း ပြန်လည်ခုခံဖမ်းဆီးလျက်ရှိကြောင်း စုံစမ်းသိရသည်။

မန္တလေးမြို့ပေါ်တွင် ခုဆိုးလုနှိုက်များက ဂိုဏ်းအုပ်စုများဖွဲ့ပြီး နေ့ည အချိန်နေရာမရွေး ပြည်သူများအပေါ် ဓါးခုတ်လုယက်မှုများ ကျူးလွန်လျက်ရှိရာ အဆိုပါ လုယက်သူများကို မြို့ခံအမျိုးသားအချို့က သတင်းစုံစမ်း၍ ပြန်လည်ခုခံတိုက်ခိုက်ကာ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

"မတ် ၈ ရက်ညက ကန်တော်ကြီးဘက်မှာ ဓါးခုတ်ကောင် သုံးကောင်မိပါတယ်။ ဓါးတွေရော၊ လေးဂွတွေပါ ပါပါတယ်။ ရိုက်စစ်လိုက်တော့ ဘယ်သူ့ရဲ့တပည့်လို့ ပြောပါတယ်။ အဲဒီအတွက် အဲ့ဒီအဖွဲ့ တာဝန်ယူရပါမယ်။ အဲဒီအဖွဲကိုဝင်ခုတ်ရင် Live လွှင့်ပေးပါမယ်။ အဲအချိန်ကြမှ သနားလိုက်တာတို့ အနိုင်ကျင့်တာတို့ အဲလောက်ထိမလုပ်သင့်ပါဘူးတို့ လာမမန့်ကြနဲ့နော် ။လာမန့်လဲအဲ့လိုမန့်မျိုးကို အကိုတို့၊အမတို့ပဲ Reply ပြန်ပေးလိုက်ပါ။ပြောတော့ဇိုးဆိုပြီး ဒီလိုကိစ္စတွေမှာထိုင်ကြည့်နေကြတာ ရှက်ဖို့ကောင်းတယ်"ဟု ဓါးခုတ်လုယက်သူများကို ဖမ်းဆီးခဲ့ရာတွင် ပါဝင်ခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ ဓါးခုတ်လုယက်သူများမှာ အုပ်စုဖွဲ့ပြီး ကားနှင့်ဆိုင်ကယ်များကို အသုံးပြုပြီး လမ်းမပေါ်ဆိုင်ကယ်စီးသွားလာနေသူများကို နေ့ည အချိန်မရွေး ဓါးဖြင့်ခုတ်လုယက်ခြင်း ​​ချောင်းမြောင်းလုယက်ခြင်း အစရှိသည့် ပုံသဏ္ဍန်အမျိုးမျိုးဖြင့် လုယက်မှုများကို ကျူးလွန်လျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။

 ထို့ပြင် အုပ်စုဖွဲ့ပြီး ဓါးခုတ်လုယက်မှုကျူးလွန်နေသူများမှာ ၎င်းတို့သတ်မှတ်ထားသည့် နယ်မြေများအလိုက် လုယက်မှုများ ကျူးလွန်လျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။

"အခုလို ခေတ်ကာလ မကောင်းတဲ့အချိန်မှာ မြို့ထဲကိုသွားရတော့မယ်ဆိုရင် ဘုရား၊ တရား တပြီးတော့ သွားနေရသလို ဘေးဝဲယာကိုလည်း သတိထားကြည့်ပြီးတော့ သွားလာနေရတယ်။ ဒီလို ခိုးဆိုးလုနှိုက်တွေ ဓါးခုတ် လုယက်တဲ့သူတွေကို သတ္တိရှိတဲ့ မြို့ခံလူငယ်အချို့က ခုခံတိုက်ခိုက်ပြီး ဖမ်းဆီးနေတယ်ဆိုတော့ အားရ​​ကျေနပ်ရပေမယ့် ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေက စဉ်းစားကြည့်ပေါ့"ဟု မန္တလေးမြို့မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ အုပ်စုဖွဲ့ပြီး လမ်းသွားလမ်းလာပြည်သူများကို ဓါးခုတ်လုယက်မှုကျူးလွန်နေသူအချို့ကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရရှိမှုအချို့ရှိနေသော်လည်း ယခုထက်မက ဖော်ထုတ်ဖမ်းဆီးပေးရန် မြို့ခံများက လိုလားလျက်ရှိနေကြောင်းလည်း သိရသည်။

"ဓါးခုတ်ကောင်တွေက ကားနဲ့လုတာနော်။

ရေတံခွန်တောင်လမ်းနဲ့ သိပ္ပံလမ်းနားလုနေတဲ့ကောင်တွေကို အကိုတွေအဖွဲ့က ကောက်ပေး(ဖမ်းပေး) လိုက်တာပါ။ ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းဖို့သတင်းအတိအကျပေးကြပါ။ ဓါးခုတ်ကောင်​​တွေက ထောင်ထွက်တွေလည်းပါတယ်ဆိုတာ သတင်းရထားတယ်"ဟု ဓါးခုတ်လုယက်မှုကျူးလွန်သူများကို ဖမ်းဆီးရာ၌ ပါဝင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပုံစာ( ၁ ) မန္တလေးမြို့ပေါ် တွင် အုပ်စုဖွဲ့၍ ဓါးခုတ်လုယက်သူများကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိစဉ်၊

ပုံစာ(၂) မန္တလေးမြို့ပေါ် တွင် အုပ်စုဖွဲ့၍ ဓါးခုတ်လုယက်သူများကို မြို့ခံပြည်သူအချို့က ခုခံဖမ်းဆီးခဲ့စဉ်

ပုံစာ(၃) မန္တလေးမြို့ပေါ်၌ မတ် ၈ ရက်ညက ဓါးဖြင့်ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံရသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးနေစဉ် Photos by CJ

Most Read

Most Recent