မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များသို့  ချေးငွေသက်တမ်းသုံးနှစ်ရှိသည့် ကာလတိုချေးငွေ ထုတ်ချေးမည်

မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များသို့  ချေးငွေသက်တမ်းသုံးနှစ်ရှိသည့် ကာလတိုချေးငွေ ထုတ်ချေးမည်
ရန်ကုန်မြို့ရှိ စက်မှုလက်မှုလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုလက်မှုလုပ်ငန်းခွင်တစ်ခုကို ယခင်နှစ်က တွေ့ရစဉ်
Published 9 March 2023

မသန်စွမ်းသူ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေသက်တမ်းသုံးနှစ်ရှိသည့် ကာလတိုချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သိရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေကို ရင်းနှီးမြှုပ်နှံ၍ရရှိလာသောအတိုးအား မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများသို့ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့်အညီ အထောက်အပံ့ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်အရ ချေးငွေသက်တမ်းသုံးနှစ်ရှိ စီးပွားရေးချေးငွေကို အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးမည့်အစီအစဉ်မှာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ကာလတိုချေးငွေသုံးနှစ်(ဆိုင်းငံ့ကာလတစ်နှစ်၊ ပြန်ဆပ်ကာလနှစ်နှစ်)၊ ထုတ်ချေးပြီး အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးပေးရေး ဆောင်ရွက်မည်သည်။

ချေးငွေထုတ်ချေးရာတွင်ချေးငွေပမာဏ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များသို့ ဦးစားပေး ထုတ်ချေးပေးရမည်ဖြစ်သည်။

အထက်ပါချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် စုစုပေါင်းရပိုင်ခွင့် ကျပ် ၁ ၀ ဘီလျံအထက်ရှိအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ချေးငွေရယူလိုသည့်ပမာဏနှင့် ချေးငွေအပေါ် ပေးအပ်နိုင်မည့်အတိုးနှုန်းကို နောက်ဆက်တွဲပါ ချေးငွေလျှောက်လွှာတွင် ဖြည့်စွက်၍ တင်ပြရမည်ဖြစ်ပြီး ပူးတွဲတင်ပြရမည့်အထောက်အထား စာရွက်စာတမ်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ (ရုံးအမှတ်-၂၃)၊ နေပြည်တော်တွင် လူကိုယ်တိုင်လျှောက်လွှာများရယူ၍ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက် နောက်ဆုံးထားပေးပို့ လျှောက်ထားနိုင်ကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent