မကြာမီက ထုတ်လွှင့်ပြသထားသည့် တရုတ်ဇာတ်လမ်းတွဲ Justice in the Dark မှ ဇာတ်ဝင်ခန်းတစ်ခုကြောင့် Blackpink အဖွဲ့ဝင်များ ဒေါသဖြစ်နေကြသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ယင်းဇာတ်ဝင်ခန်း အွန်လိုင်းတွင် ပျံ့လာခဲ့ပြီး Blackpink အဖွဲ့ဝင်ရို့စ်၏ပုံကို Edit လုပ်ကာ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုရှိ ပြည့်တန်ဆာပုံများထဲ ထည့်သွင်းအသုံးပြုထားသည်ကို Blackpink ပရိသတ်များတွေ့ပြီး ဒေါသူပုန်ထနေခြင်းဖြစ်သည်။
ရို့စ်အပေါ် ရိုင်းပျသည့်လုပ်ရပ်ဖြစ်သည့်အပြင် Blackpink အဖွဲ့ဝင်တစ်ဦး၏ပုံကို တရားမဝင် ယူသုံးသည်ဆိုသည့် အွန်လိုင်းသုံးစွဲသူများ၏တုံ့ပြန်မှုကို Justice in the Dark ထုတ်လုပ်ရေးအဖွဲ့က သိပုံရပြီး တစ်နေ့တည်းမှာပင် ယင်းဇာတ်ဝင်ခန်းကို ဖျက်ပစ်လိုက်သည်။
သို့သော် တရားဝင်တောင်းပန်မှု မပြုလုပ်သေးဘဲ ဖေဖော်ဝါရီ ၂၁ ရက်ရောက်မှ ထုတ်လုပ်ရေးအဖွဲ့က ကြေညာချက်တစ်ခု ထုတ်လိုက်သည်။
ကြေညာချက်ထဲတွင် ဇာတ်လမ်းတွဲထုတ်လုပ်သည့်အတောအတွင်း ပေါ့ဆမိခဲ့သည်ဟု ဝန်ခံထားကာ ရို့စ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အတွက် တောင်းပန်ထားသည်။
ထို့ပြင် Blackpink အဖွဲ့ဝင် ရို့စ်ထံသို့ တောင်းပန်စာ တရားဝင်ပို့ပြီးပါပြီဟုလည်း ထုတ်လုပ်ရေးအဖွဲ့က ဆိုသည်။
သို့သော် ပရိသတ်အများစုက မကျေနပ်နိုင်ဘဲ ရို့စ်၏အေဂျင်စီ YG Entertainment အနေဖြင့် ယင်းကဲ့သို့ နမော်နမဲ့ မနှစ်မြို့ဖွယ်လုပ်ရပ်များကို အလေးအနက်ထား ကိုင်တွယ်ပေးရန်၊ ပြင်းပြင်းထန်ထန်တုံ့ပြန်ပေးရန် မျှော်လင့်နေသည်။