တောင်ကိုရီးယား သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အပြင် အဆိုတော်တစ်ဦးလည်းဖြစ်သည့် လီဆွန်းဂီက ၎င်းနှင့် ကာလကြာရှည် တွဲနေသည့် ချစ်သူဖြစ်သူ မင်းသမီးလီဒါအင်းနှင့် လက်ထပ်ထိမ်းမြားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ၎င်း၏ Instagram တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းတို့နှစ်ဦးတွဲနေပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တရားဝင်အတည်ပြုခဲ့ပြီး ချစ်သူသက်တမ်း သုံးနှစ်ရှိနေပြီဖြစ် သည်။
လီဆွန်းဂီက လက်ရေးဖြင့် ရေးသားသည့် စာတစ်စောင်ဖြင့် ၎င်း၏ပရိသတ်များကို လူမှုမီဒီယာတွင် ကြေညာခဲ့ပြီးစာအတွင်း၌ “ဟယ်လို ကျွန်တော်လီဆွန်းဂီပါ။အခုနှစ်ထဲ ကိစ္စရပ်တွေ အများကြီးရှိမယ်လို့ ခံစားရတဲ့အတွက် အခုလိုစာအရှည်ကြီးရေးဖို့ လိုအပ်လာပါတယ်”ဟူ၍ အစချီရေးသားခဲ့သည်။
ဆက်လက်၍ လီက “ကျွန်တော့်ဘဝရဲ့ အရေးအပါဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်တော့် ကျန်ရှိနေတဲ့ဘဝ ကို ကျွန်တော့်ရဲ့ချစ်သူလီဒါအင်းနဲ့ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လက်ထပ်ခွင့်တောင်းတော့ သူကလည်း လက်ခံပါတယ်။ ကျွန်တော်တို့ မင်္ဂလာဆောင်ကို ဧပြီ ၇ ရက်မှာ ကျင်းပသွားမှာပါ။ ကျွန်တော်တို့ အနာဂတ်အတွက် ဝမ်းသာပေးကြပါ။ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် ဆက်လက်နေထိုင်သွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု ရေးသားခဲ့ သည်။
ယင်းသတင်းနှင့်အတူ အွန်လိုင်းအသုံး ပြုသူများက မှတ်ချက်မျိုးစုံရေးသားခဲ့ကြပြီး ယင်းသည် လီဒါအင်းမိသားစု၏ အတိတ် ကာလက အငြင်းပွားဖွယ် ကိစ္စရပ်ကြောင့်ဖြစ်သည်။ လီဒါအင်း၏ပထွေးသည် စတော့စျေးနှုန်းများကို ကြိုးကိုင်ပြီး တရားမျှတမှုမရှိသော အမြတ်အစွန်းများကိုရရှိနေသည့်အတွက် ထောင်ဒဏ်ကျခံခဲ့ရသည်။
အချို့မှတ်ချက်ပြုသူများကမူ လီဆွန်းဂီအနေဖြင့် ၎င်းင်းကိုယ်တိုင် ငွေကြေးလိမ်လည်ခံရသည့် နစ်နာသူတစ်ဦးဖြစ်ခဲ့သောကြောင့် အခြားသူများ၏ငွေကြေးများကို လိမ်လည်ခဲ့သော မိသားစုဝင်ရှိသည့် တစ်စုံတစ်ဦးနှင့် လက်ထပ်လိုခြင်းဖြစ်သည်ဟု ယုံကြည်မှုကင်းမဲ့နေကြသည်။
လီဆွန်းဂီသည် ကာလကြာရှည် လက်တွဲလာသည့် ၎င်း၏အေဂျင်စီဟောင်း Hook Entertainment နှင့် နိုဝင်ဘာလက တရား ရေးဆိုင်ရာ အငြင်းပွားမှုတစ်ခု ကြုံတွေ့ခဲ့သည်။