အမေရိကန်ဘီလျံနာသူဌေးဘီလ်ဂိတ်စ် နှင့် Oracle နည်းပညာကုမ္ပဏီစီအီးအို မာ့ခ်ဟတ်(ကွယ်လွန်)၏ဇနီးတို့ တွဲနေသည်မှာ တစ်နှစ်ကျော်ကြာရှိပြီဟု သတင်းများထွက်လာသည်။
၎င်းတို့တစ်ပူးတွဲတွဲဖြစ်နေသည်ဟု ၎င်းတို့နှင့်သိသူတစ်ဦးက Daily Mail သို့ ဖွင့်ဟပြောဆိုလာပြီး Oracle စီအီးအိုမာ့ခ်ဟတ် မ ကွယ်လွန်မီကတည်းက တင်းနစ်အားကစားကို အကြိုက်တူမှုကြောင့် တင်းနစ်ပွဲများတွင် အတူတွဲမြင်ခဲ့ရလေ့ရှိသည်။
မာ့ခ်ဟတ်က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာတွင် ကင်ဆာရောဂါဖြင့် ဆုံးသွားပြီး ကျန်ရစ်သူဇနီး ပေါ်လာဟတ်က နည်းပညာအလုပ် အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် အခမ်းအနားပွဲစီစဉ်သည့်အလုပ်၊ ပရဟိတအလုပ်တို့ လုပ်ကိုင်နေသည်။
ပြီးခဲ့သည့်လက ပေါ်လာနှင့်ဘီလ်ဂိတ်စ်တို့နှစ်ဦး သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတွင် ပြုလုပ်သည့် တင်းနစ်ပွဲတစ်ခုကို သွားကြည့် လိုက်သေးသည်။
ပေါ်လာတွင် မာ့ခ်ဟတ်နှင့်ရသည့် သမီးနှစ်ဦးရှိပြီး ဂိတ်စ်က ဇနီးဟောင်းမလင်ဒါဂိတ်စ်နှင့် သားသမီးသုံးဦးရှိသည်။မလင်ဒါနှင့်ဂိတ်စ်တို့ အိမ်ထောင်သက် ၂၇ နှစ်ကြာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်တွင် ကွာရှင်းရေးကိစ္စ အပြီးသတ်ခဲ့သည်။
ကွာရှင်းမှုမပြီးပြတ်မီ ဂိတ်စ်က လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က မိုက်ခရိုဆော့ဖ်ဝန်ထမ်းတစ်ဦးနှင့် ပတ်သက်ငြိစွန်းခဲ့သည့်ကိစ္စ ကိုဝန်ခံခဲ့သည်။၂၀၂၂ ခုနှစ်က အစီအစဉ်တစ်ခုတွင်လည်း ၎င်းသည် အိမ်ထောင်ရေး မသာယာစေခဲ့သူဟု ပြောဆိုခဲ့သည်။