အဆင့်မြင့် စစ်သုံး စောင့်ကြည့်ဒရုန်းများထုတ်လုပ်သည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီတစ်ခုက ၎င်းင်းတို့အနေဖြင့် ယူကရိန်းထံ အဆင့်မြင့်ဒရုန်းနှစ်မျိုးကို အမေရိကန် တစ်ဒေါ်လာတည်းဖြင့် ရောင်းချပေးရန်ဆန္ဒရှိသည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်လိုက်ပြီး ရောင်းချမှုကို အတည်ပြုပေးရန် အမေရိကန်အစိုးရအား တောင်းဆိုထားသည်။
General Atomic Aeronautical Systems ကုမ္ပဏီသည် ၎င်း၏ အစွမ်းထက် ဂရေးအီးဂဲလ်ဒရုန်းနှင့် ရီပါဒရုန်းတို့ကို ယူကရိန်းထံရောင်းချရန် အမေရိကန်အစိုးရအား တိုက်တွန်းနေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်သည်။
အဆိုပါဒရုန်းများသည်အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ အခြားသောပဋိပက္ခနယ်မြေများတွင်စောင့်ကြည့်ခြင်း၊ တိုက်ခိုက်ခြင်းတို့လုပ်ဆောင်ရာတွင် အလွန်ထိရောက်မှုရှိစေရန် အမေရိကန်တပ်ဖွဲ့များ အသုံးပြုသောဒရုန်းများ ဖြစ်သည်။
သမပိုင်းဇုန်လတ္တီတွဒ်များတွင် ခရီးဝေးပျံသန်းနိုင်သော ဒရုန်းများသည် ရုရှားတပ်များနှင့် စစ်မက်ဖြစ်ပွားနေသော ယူကရိန်းတို့ လိုအပ်နေသည့် အရှင်းလင်းဆုံးနှင့် အဆင့်အမြင့်ဆုံးအင်ဂျင်နီယာနည်းပညာ တစ်ခုဖြစ်သည်။
အမေရိကန်စစ်တပ်က ယူကရိန်းကို အသေးစားတိုက်ခိုက်ရေးဒရုန်းများနှင့် အသေးစား စောင့်ကြည့်ဒရုန်းများ ပံ့ပိုးပေးထားသည်ဆိုသော်လည်း အဆိုပါဒရုန်းများသည် General Atomic Aeronautical Systems ဒရုန်းများလို အဆင့်နည်းပညာများနှင့် တာဝေးပျံသန်းမှု စွမ်းရည်တို့ မပါဝင်ပေ။
“ရုရှားကျူးကျော်မှု အစကတည်းက MQ-9 ရီပါဒရုန်း၊ MQ-1C ဂရေးအီးဂဲလ် ဒရုန်းတို့အပါအဝင် ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေပေးဖို့ ယူကရိန်းတပ်ဖွဲ့တွေရဲ့မေတ္တာရပ်ခံမှုတွေကို တုံ့ပြန်ဖို့ ရွေးချယ်စရာတွေ ကျွန်တော်တို့ စတင်ရှာနေတာပါ”ဟု General Atomic Aeronautical Systems အ မှုဆောင်ချုပ်လင်ဒင်ဘလူးကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် အမေရိကန်အစိုးရ သို့မဟုတ် ယူကရိန်းအစိုးရတို့ ကုန်ကျမှုမရှိဘဲ ယူကရိန်းအော်ပရေတာများအား သင်တန်းပေးမည်ဟု ၎င်းက ဖော်ပြထားသည်။
ကုမ္ပဏီသည် မြေပြင်ထိန်းချုပ်စခန်း၊ အခြားသောအကြီးစားစက်ပစ္စည်းများနှင့်အတူ ကုမ္ပဏီပိုင်လေ့ကျင့်ရေးလေယာဉ်နှစ်စီးကို အမေရိကန်တစ်ဒေါ်လာဖြင့် လွှဲပြောင်းပေးရန် အသင့်ဖြစ်နေသည်ဟုဆိုသည်။
ယူကရိန်း သို့မဟုတ် အခြားသူတစ်ဦး,ဦးသည် လေယာဉ် တပ်ဆင်ခြင်း၊ လွှဲပြောင်းခြင်းတို့အတွက် ပေးရမည်ဖြစ်ပြီး စစ်မြေပြင်တွင် ၎င်းတို့ ပျံသန်းရေးကိစ္စကို စီစဉ်ပေးရမည်ဟု ဟု ၎င်းက ဖော်ပြထားသည်။
“ကမ်းလှမ်းချက်ဟာ ဘာချည်နှောင်မှုတွေမှမပါတဲ့ ထူးထူးခြားခြား သဘောတူညီမှု တစ်ခုပါပဲ”ဟု ဘလူးကပြောကြားသည်။
“ဒီသဘောတူညီမှု အားလုံးဟာ အမေရိကန်အစိုးရရဲ့အတည်ပြုချက်လိုအပ်နေပါတယ်”ဟု ဘလူးက ဆိုသည်။
“ကျွန်တော်တို့ရဲ့အမြင်အရ ဒီစစ်ပွဲနိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေ သတင်းအချက်အလက်များများရရှိရေးကိစ္စဟာ အချိန်တောင် တော်တော်ကုန်သွားပါပြီ”ဟု ၎င်းက ပြောကြားသည်။
ယူကရိန်းသည် အနောက်နိုင်ငံများထံမှ ခေတ်မီလက်နက်များ ပံ့ပိုးပေးရန် တောင်းဆိုလျက်ရှိပြီး အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များပေးရန်လည်း အမေရိကန်ကို ပြောကြားထားသည်။ ယူကရိန်းထံ လေယာဉ်များပံ့ပိုးရေးကိစ္စသည် အနောက်နိုင်ငံခေါင်းဆောင်များအကြား သဘောထားကွဲစရာကိစ္စအဖြစ် ရှိနေသည်။