၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၇၄၀၀၀ ကျော် တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များ ဆန်တန်ချိန်၂၅ဝဝဝကျော်အား သင်္ဘောတင်ဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU)ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန် လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ အထိ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-MRFနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန်တန်ချိန် ၂၀၀၀၀၀ တင်ပို့ရန် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Sales Contract အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ဆန်တန်ချိန် ၁၇၄၀၀၀ ကျော်အား တင်ပို့နိုင်ခဲ့သည်။ တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် ၂၅၀၀၀ အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သတ်မှတ်ကာလ အတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။
နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူ တန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။
တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၈ သန်းကျော်တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် တစ်သိန်းလေးသောင်းကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။









