ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုသုံးစွဲနိုင်ရေး၊ ငွေသားသုံးစွဲမှုလျှော့ချရေး၊ ငွေကြေးတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား

ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုသုံးစွဲနိုင်ရေး၊ ငွေသားသုံးစွဲမှုလျှော့ချရေး၊ ငွေကြေးတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 5 January 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုသုံးစွဲနိုင်ရေး၊ ငွေသားသုံးစွဲမှုလျှော့ချရေး၊ ငွေကြေးတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။

ဇန်နဝါရီ ၃ ရက်က ကျင်းပခဲ့သည့် ပြည်သူများအနေဖြင့် ငွေပေးချေရာတွင် ဒစ်ဂျစ်တယ်နည်းလမ်းများကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှု အသုံးပြုမှုများ ပိုမိုအားကောင်းခိုင်မာစေရေး ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Large Value Payment နှင့် Retail Payment များအတွက် CBM-Net နှင့် ဘဏ်ဦးဆောင်မှုပေးများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်   ဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုပေးနေကြောင်း၊ Dagital Payment Switching ကို တည်ထောင်နေပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ငွေပေးချေမှုများကို ပိုမိုချောမွေ့ မြန်ဆန်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်အစိုးရ၏ အခွန်အခကောက်ခံမှု၊ ရေနှင့်မီတာဘေလ်ပေးချေမှုများအပါအဝင် ပေးချေမှုအားလုံးကို ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အသုံးပြုနိုင်ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Plan ချမှတ် ဆောင်ရွက်ရန် လိုသကဲ့သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌လည်း ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ ပိုမိုအသုံးပြုပေးချေရေးအတွက် လက်ရှိဆောင်ရွက်နေသည့်ကတ်များ၊ Mobile App များ၊ QR များဖြင့် ဆောင်ရွက်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသူများက လက်ရှိနေပြည်တော်နှင့်အခြားမြို့ကြီးများတွင် ဆောင်ရွက်နေမှုများကို  ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် Digital Pay များ ပိုမိုသုံးစွဲနိုင်စေရန် Junction Center  နှင့်အခြားနယ်မြေများတွင် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်သွားရန်၊ စျေးရောင်းပွဲများ၌ ပရိိုမိုးရှင်းအစီအစဉ်နှင့် Campaign များ ဆောင်ရွက်သွားရန်နှင့် Digital City အဖြစ် အကောင်အထည်ဖော်ရာ၌ ဝန်ကြီးဌာနများအပါအဝင် ဘဏ်များ၊ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ Action City များချမှတ်ပြီး တင်ပြဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ရွှေ (ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများစသည်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent