နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများထံမှ လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲနေ ပြီး မြန်မာ-ထိုင်း ပျံသန်းနေသည့် လေကြောင်းလိုင်းများ၏ Economy Class လေယာဉ်လက်မှတ်များ အားလုံးရောင်းချပြီးဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်း ကိုယ်စားလှယ်များထံမှ သိရသည်။
“ခရစ်စမတ်နဲ့ နှစ်သစ်ကူးဆိုရင်တော့ ထိုင်းနဲ့ စင်ကာပူက မြန်မာလူမျိုးတွေ အများဆုံးသွားကြတာပါပဲ။ ခုက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုတွေအပြီး ခရီးထွက်ကြတာ ပိုများတာပေါ့။ ခုကတော့ ထိုင်းနိုင်ငံကဘန်ကောက်အပြင် ချင်းမိုင်ကိုပါ အသွားများကြတယ်။ ခုဆို ထိုင်းနိုင်ငံကို အသွားများတာကြောင့် မြန်မာ-ထိုင်းပျံသန်းတဲ့ Economy Class လေယာဉ်လက်မှတ်တွေ အားလုံးရောင်းကုန်သွားပြီ။ ခုဝယ်မယ်ဆို ဘယ်လိုမှဝယ်မရတော့ဘူး” ဟု ရန်ကုန်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံသို့ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူ အချို့၏ ပြောကြားချက်အရ သိရသည်။
၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိတိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်း ရရှိခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့ နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်ရက်ပေါင်း ၃၀ သတ် မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကိုသာရရှိနေခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအားရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ဗီဇာကင်းလွတ်ခွင့်နဲ့လာတဲ့ မြန်မာ တွေအနေနဲ့ ဗီဇာသက်တမ်း ၄၅ ရက်ရမယ် ဆိုပေမယ့် တကယ်လာတဲ့အခါကျ ၄၅ ရက် မရပါဘူး။ ၁၄ ရက်ပဲ ပေးတာတော်တော်များတယ်။ အောက်တိုဘာ လလယ်လောက်ကမှစပြီးတော့ ဗီဇာ ၄၅ ရက်ရတဲ့ မြန်မာတွေရှိလာတာကိုတွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး တစ်ဦးကဆိုသည်။
၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ရက် Visa Free သက်တမ်း ရရှိခြင်းဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၉ ရက် နေ့မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့်တနင်္ဂနွေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ် ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချ ပေးနေကြောင်း သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။









