အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရန်ပုံငွေထူထောင်ရန် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ်ဘီလျံ ၁၇၀ ခွင့်ပြုပေးထားကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၏ ၁/၂၀၂၂ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့အစည်းအဝေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဖြစ် ကြောင်း၊ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ ရန်ပုံငွေတစ်ရပ် တည်ထောင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး ရန်ပုံငွေကို ဥပဒေနှင့်အညီ နိုင်ငံတော်၏ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပ ငွေကြေးအဖွဲ့အစည်းများမှ အကူအညီရရှိငွေ၊ အလှူရှင်များက လှူဒါန်းငွေ၊ မိမိဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်ခရရှိငွေတို့နှင့် ထူထောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေထူထောင်နိုင်ရန် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၇၀ ဘီလျံကို လျာထား ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်လည်း ရရှိပြီးဖြစ်၍ ရန်ပုံငွေသို့ထည့်ဝင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း၊ ရန်ပုံငွေအားအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပြပွဲ ပြိုင်ပွဲကျင်းပခြင်းများနှင့် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအတွက် အတိုးနှုန်းသက်သာသည့် နှစ်တို၊ နှစ်လတ်ချေးငွေများ ထုတ်ချေးရေးအတွက် ဦးစားပေးသုံးစွဲမည် ဖြစ်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့်အသေးစား၊ အငယ် စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ဝင်များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် SME ဥပဒေပုဒ်မ ၂၀ ပါ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များအရ ပြင်ဆင်ထားရှိရန် လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ကြရမည့်ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက အထောက်အကူပြု လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း)နှင့် ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြလာသည့် ရန်ပုံငွေဆိုင်ရာ အဆိုပြုအမှာစာ (၆) စောင်အား အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။









