ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ စစ်ဆေးမှုအရ COVID-19 ဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူများဖြစ်ဟု စက်တင်ဘာ ၁၂ ရက်ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ဆေးမှုမှာ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ စစ်ဆေးမှုဖြစ်ပြီး ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး လေးရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားရှိ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်ပြီး စက်တင်ဘာ ၁၁ ရက် ည ၈ နာရီမှ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၃၀၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၀၄ ဦး တွေ့ရှိကြောင်း သိရသည်။
ယင်းကြောင့် စက်တင်ဘာ ၁၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၈၅၅၅၇၁ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၇၀၅၆ ဦးရှိပြီဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၅၉ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူစုစုပေါင်းမှာ ၅၉၄၃၃၉ ဦး ရှိပြီဖြစ်ကြောင်း၊ သေဆုံးသူ ထပ်မံမရှိသောကြောင့် သေဆုံးသူစုစုပေါင်းမှာ ၁၉၄၄၂ ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုတို့ကို လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေးထိုးနှံထားသူများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသောကြောင့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။













