နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်

နိုင်ငံခြားငွေလဲကောင်တာများတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ်ဝန်းကျင်ဖြင့် စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်
Published 1 August 2022

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ရက်တွင် ဗဟိုဘဏ်စျေးနှုန်းနိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဝန်းစျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၂၄ဝဝဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။                

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။

“အခုကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ် သဘောပဲ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာတွေကလဲ အရင်လို အပြင်ပေါက်စျေးနဲ့ မဝယ်တော့ဘဲ ဗဟိုဘဏ်ပေါက်စျေး ၁၈၅၀ နဲ့ပဲ ဝယ်ပြီး ပြန်ရောင်းတာမရှိတော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာအရောင်းအဝယ် စျေးကွက်က လုံးဝရပ်ဆိုင်းနေတယ်လို့တောင် ပြောလို့ရတယ်” ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် သြဂုတ် ၁ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၅၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၇၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၅၆၀ ကျပ်၊ ထိုင်းဘတ် ၆၉ ကျပ်၊ တရုတ်ယွမ် ၃၅၀  ကျပ်၊ ဂျပန်ယန်း ၁၈  ကျပ်တို့ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက်ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ် လာ ၁၁၈သန်းဖြင့် စုစုပေါင်းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊  သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။

Most Read

Most Recent