ခြံအမှတ် ၅၄ အား ဒေါ်အောင်ဆန်းစုကြည်နှင့် အမွေဆိုင်ခွဲဝေမှု ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျှောက်ထားမှုကို ဇွန် ၂၇ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုတင်ထုတ်ပြန်ထားသော အမှုခေါ်စာရင်းတွင် ဖော်ပြချက်အရသိရသည်။
အဆိုပါခြံအမှတ် ၅၄ အား အမွေခွဲဝေရန် လျှောက်ထားရာတွင် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့်မြေတစ်ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့်ခြံတစ်ဝက်အား ဦးအောင်ဆန်းဦး ဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ခဲ့ရာ ဦးအောင်ဆန်းဦးက ခြံဝင်းတစ်ခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံတက်ခဲ့ပြီး ယခင်အမိန့်အတိုင်းသာ အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။
အမွေဆိုင်အမှုအပေါ် တရားရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦးအောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံအား ပလပ်ခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အထူးအယူခံလျှောက်ထားခဲ့ပြီး ယခုအခါအမှုအား ကြားနာရန်အမှုခေါ်စာရင်း ထုတ်ပြန်လာခြင်းဖြစ်သည်။