၂၀၂၂ ခုနှစ် မေလအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်းရရှိခဲ့ပြီး ဧပြီလထက် ပို့ကုန်ဒေါ်လာခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့

၂၀၂၂ ခုနှစ် မေလအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်းရရှိခဲ့ပြီး ဧပြီလထက် ပို့ကုန်ဒေါ်လာခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ်
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ်
Published 7 June 2022

၂၀၂၂ ခုနှစ် မေလအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်းရရှိခဲ့ပြီး ဧပြီလထက် ပို့ကုန်ဒေါ်လာ ခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါကုန်သွယ်ရေးစခန်းနှစ်ခုမှ ဧပြီလအတွင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၂ ဒသမ ၈၆ သန်းကုန်သွယ်မှုပြုလုပ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် မေလအတွင်း ကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၆ သန်း ကုန်သွယ်မှုပြုလုပ်ခဲ့သဖြင့် ယခင်လထက် ပို့ကုန်ခုနစ်သိန်းကျော် ကုန်သွယ်မှုပိုမိုခဲ့သည်။

မေလအတွင်း၌ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနဖ်ဆိပ်ကမ်းသို့ မြန်မာဘက်မှ ပို့ကုန်တန်ချိန် ၇၃၁၀၊ ဒေါ်လာ ၃၅၆၅၇၀၈ ရရှိခဲ့ပြီး သွင်းကုန်စုစုပေါင်း ၉၅၄၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။

ရေထွက်ပစ္စည်းပို့ကုန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် တင်ပို့ခဲ့ပြီး မေလကုန်သွယ်မှုပို့ကုန်ပမာဏ၏ ၅၅ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ ရန်ကုန်/ဧရာဝတီတိုင်ရှိ မွေးမြူရေးကန်ထွက်ငါးတစ်မျိုးဖြစ်သော  ငါးမြစ်ချင်းငါးတင်ပို့မှုမှာ တန်ချိန် ၁၅၀၀ ကျော်(ဒေါ်လာ ၁ဒသမ ၈၁ သန်း)တင်ပို့နိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသထွက် ကွမ်းသီး၊ လဲ့မှို၊ အုန်းဆီး၊ ဒညင်းသီး၊ ငါးမုတ်၊ ငါးနီတူခြောက်၊ ငါးစုံကလေးခြောက်၊ ငါးကုန်ညိုခြောက်တို့အပြင် တံမျက်စည်းအကြမ်း စသည်တို့ကို တင်ပို့ခဲ့ပြီး မြန်မာနိုင်ငံ၏အခြားတိုင်းနှင့်  ပြည်နယ်များမှ ထွက်ရှိ/ထုတ်လုပ်သော ဇီးယိုထုတ်၊ ဂျင်း(အစို)၊ ကြက်သွန်၊ ကုလားပဲ၊ ဇီးသီးခြောက်၊ မကျည်းစေ့၊ဖိနပ်၊ ချည်လုံချည်၊ သနပ်ခါးခဲ၊ ကော်ဖီမစ်၊ နေကြာစေ့နှင့် ခေါက်ဆွဲခြောက်တို့ကို တစ်ဖက်နိုင်ငံနယ်စပ်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

သွင်းကုန်ပမာဏအနည်းငယ်သာ ဆောင်ရွက်နိုင်ပြီး စစ်တွေကုန်သွယ်ရေးစခန်းသို့ တီရှပ်အထည် ၅၀၀၀ နှင့် မောင်တောနယ်စပ်စခန်းသို့ ဒန်ရေအိုးခွက်၊ PVC ပိုက်ရွယ်စုံ၊ ပလတ်စတစ်ရေတိုင်ကီနှင့် လက်နှိပ်ရေတုံကင်များ စသည်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၃၈ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ခြောက်လအတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁ ဒသမ ၂၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅ ဒသမ ၅၂၉ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၆ ဒသမ ၇၄၄ သန်းရရှိခဲ့သည်။ မောင်တောနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၁၁ ဒသမ ၇၂၇ သန်း၊ သွင်းကုန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၁ ဒသမ ၇၉၀ သန်းရရှိခဲ့သည်။

မြန်မာဖက်မှပို့ကုန်များအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ မှစတင်တင်ပို့ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ စစ်တွေနှင့် မောင်တောစခန်းနှစ်ခုမှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်း ကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၀၀၁ သန်းတင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး (ငါးမြစ်ချင်း)အများဆုံး တင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံက လေးခြောက်တို့ကို တင်ပို့နိုင်ခဲ့သည်။

Most Read

Most Recent