ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အဆောက်အုံ ၁၉၄ လုံး၊ အခန်းပေါင်း ၃၁၀၀ ကျော်မှာ ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။
ဇွန် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် အမှတ် (၂) လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှ အဆောက်အအုံ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ အဆောက်အအုံ ၉၇ လုံး တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ၅၉ ရာခိုင်နှုန်း ပြီးစီးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်မှ အဆောက်အအုံ ၉၇ လုံး တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ၅၁ ရာ ခိုင်နှုန်းပြီးစီးခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းသည် လက်ရှိတွင် ၅၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အသင်းချုပ်များ၏ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရမည့်အခက်အခဲများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အိမ်ရာစီမံကိန်းအတွင်း နေထိုင်သူများ အဆင်ပြေစေရေးအတွက် ရေ/မီး ရရှိရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၈ ခန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။