ဝေဖန်မှုများနှင့် ရင်ဆိုင်နေရစဉ် ဆော်ဒီက ခါရှိုဂီသေဆုံးမှုနှင့်ပတ်သက်၍ ဇာတ်ကြောင်းကို ပြောင်းလဲ ပြောကြား

ဝေဖန်မှုများနှင့် ရင်ဆိုင်နေရစဉ် ဆော်ဒီက ခါရှိုဂီသေဆုံးမှုနှင့်ပတ်သက်၍ ဇာတ်ကြောင်းကို ပြောင်းလဲ ပြောကြား
မတ်လက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း ခါရှိုဂီ၏ ပေါင်ပေါ်သို့ ကြောင်တစ်ကောင် ခုန်တက်လာသည်ကို  တွေ့ရစဉ်  (Photo – AFP)
မတ်လက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း ခါရှိုဂီ၏ ပေါင်ပေါ်သို့ ကြောင်တစ်ကောင် ခုန်တက်လာသည်ကို တွေ့ရစဉ် (Photo – AFP)
Published 21 October 2018

ဆော်ဒီသည် အစိုးရဝေဖန်သူ ဂျမယ်ခါရှိုဂီသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ နောက်ကျမှ ထုတ်ပြန်ခဲ့သော ၎င်းင်း၏ ဝန်ခံရှင်းလင်းချက်ကြောင့် အောက်တိုဘာ ၂၁ ရက်က အယုံအကြည်မရှိကြောင်း ၀ိုင်းဝန်းပြောကြားမှုတို့နှင့် ရင်ဆိုင်နေခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဆော်ဒီကို ဖြေရှင်းချက်ပေးရန်နှင့် ခါရှိုဂီ၏ အလောင်းမည်သည့်နေရာသို့ ရောက်သွားသည်ကို ပြောကြားရန် တောင်းဆိုလျက်ရှိကြသည်။

သီတင်းနှစ်ပတ်ကြာအောင် ငြင်းဆန်နေခဲ့သည့် ဆော်ဒီသည် ၀ါရှင်တန်ပို့စ်မှ ပင်တိုင်ဆောင်းပါးရှင် ခါရှိုဂီမှာ အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူရှိ ဆော်ဒီကောင်စစ်ဝန်ရုံးသို့ ဝင်သွားခဲ့ပြီးနောက် ရုံးထဲမှဝန်ထမ်းတို့နှင့် ရန်ပွဲဖြစ်ပွားခဲ့ရာမှ အသတ်ခံရခြင်းဖြစ်သည်ဟု အောက်တိုဘာ ၂၀ ရက်ကမှ ဝန်ခံရှင်းလင်းခဲ့သည်။

ဇာတ်ကြောင်းသစ်

ထိုစဉ် အမည်မဖော်လိုသော ဆော်ဒီအရာရှိတစ်ဦးက ခါရှိုဂီနှင့် တွေ့ရန်လွှတ်လိုက်သော ဆော်ဒီ ၁၅ ဦးပါအဖွဲ့သည်  ခါရှိုဂီအား မည်သို့ခြိမ်းခြောက်ခဲ့ပုံ၊ ထို့နောက် ခါရှိုဂီကို ဆွဲခေါ်ပြန်ပေးဆွဲသွားခဲ့ပုံ၊ ခါရှိုဂီမှာ ပြန်လည်ခုခံသဖြင့် အသက်ရှူကျပ်ပြီး သေစေခဲ့ပုံတို့နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့သည်။

အစိုးရအတိုက်အခံများနှင့် ခါရှိုဂီ အပါအဝင် အထူးပုဂ္ဂိုလ်များကို နေရပ်သို့ ပြန်ခေါ်ရန် အစီအစဉ်ဖြစ်ဖွယ်ရသည့် ဆော်ဒီ၏ အတွင်းပိုင်းထောက်လှမ်းရေး အချက်အလက်များကိုလည်း ထိုအရာရှိက ပြသခဲ့သည်။ ထို့ပြင် ၁၅ ဦးပါ အဖွဲ့အတွင်းပါဝင်သူများ၏ ထွက်ဆိုချက်များ၊ အတွင်းပိုင်း စုံစမ်းမှုတို့၏ အစောပိုင်းရလဒ်များကိုလည်း ပြသခဲ့သည်။

ယခု ဇာတ်ကြောင်းသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့သော ဆော်ဒီ၏ ရှင်းလင်းချက်များအနက် နောက်ဆုံးတစ်ခု ဖြစ်လာခဲ့သည်။ ခါရှိုဂီသေဆုံးရခြင်းနှင့်ပတ်သက်၍ အဘယ့်ကြောင့် ယခုကဲ့သို့ အမျိုးမျိုးပြောင်းနေရ သနည်းဟု သတင်းထောက်တို့က မေးမြန်းစဉ် အဆိုပါအရာရှိသည် အစိုးရ၏ကနဦး ထုတ်ပြန်ချက်သည် အတွင်းပိုင်းမှ တင်ပြလာသော အချက်အလက်အမှားတို့အပေါ် အခြေခံမိခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

“အစောပိုင်း အစီရင်ခံစာတွေ မှားယွင်းနေတာကို ရှင်းရှင်းလင်းလင်း သိလာတဲ့အတွက် အတွင်းပိုင်းစုံစမ်းမှုတစ်ခု ပြန်စခဲ့ပြီး အပြင်ဘက်ကို ထုတ်ပြောတာတွေကို ထိန်းချုပ်ခဲ့ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ စုံစမ်းများမှုကို ဆက်လက်လုပ်ဆောင်နေဆဲဟု သိရသည်။

ဆော်ဒီ၏ ပထမဖြေရှင်းချက်သည် ယုတ္တိရှိသည်ဟု ကနဦးကပြောခဲ့သော သမ္မတထရန့်သည် ခါရှိုဂီသေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီဘက်မှ တုံ့ပြန်မှုအပေါ် ကျေနပ်မှုမရှိဟု ထပ်မံပြောကြားခဲ့သည်။ ထို့အတူ ဥရောပ သမဂ္ဂ၊ ဂျာမနီ ၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် ကုလသမဂ္ဂတို့ကလည်း ပိုမိုပွင့် ပွင့်လင်းလင်းရှိရန် တောင်းဆိုနေကြသည်။ ဇာတ်ကြောင်းသစ်ထဲတွင် ဖော်ပြချက်အရ ဆော်ဒီအစိုးရသည် အတိုက်အခံများအား ရန်သူများက စည်းရုံးသွားမည်ကို ကာကွယ်သည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၀ါရှင်တန်သို့ လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြောင်းရွှေ့သွားသော ခါရှိုဂီအား နေရပ်သို့ ပြန်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆော်ဒီအထွေထွေထောက်လှမ်းရေးဥက္ကဋ္ဌက ထောက်လှမ်းရေးနှင့် လုံခြုံရေးတပ်ဖွဲ့တို့မှ လူ ၁၅ ဦးစုပြီး အစ္စတန်ဘူလ်ကောင်စစ်ဝန်ရုံးသို့ စေလွှတ်၍ ခါရှိုဂီနှင့်တွေ့စေကာ နေရပ်သို့ ပြန်လာရေးအတွက်ဖျောင်းဖျရန် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဆော်ဒီအရာရှိက ဆိုသည်။

“အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ပြန်လာစေဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ အမိန့်ထုတ်ထားတာဖြစ်ပါတယ်” ဟု ထိုအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

 

အသက်မရှုနိုင်စေရန် ညှစ်သတ်ခဲ့ခြင်း

အစီအစဉ်မှာ ၁၅ ဦးအဖွဲ့သည် ခါရှိုဂီကို အစ္စတန်ဘူအပြင်ဘက်ရှိ လုံခြုံသော အိမ်တစ်အိမ်ကို ခေါ်သွားနိုင်ကာ အချိန်ကာလ တစ်ခုအထိ ထိန်းထားရန်၊ အကယ်၍ ခါရှိုဂီဘက်မှ ဆော်ဒီသို့ ပြန်ရန် နောက်ဆုံးအထိ ငြင်းဆန်နေပါက ပြန်လွှတ်ပေးလိုက်ရန်ဖြစ်သည်ဟု ဆော်ဒီအရာရှိက ဆိုသည်။ သို့သော် ၁၅ ဦးအဖွဲ့သည် အမိန့်ကို ဘောင်ကျော်လုပ်မိခဲ့သဖြင့် အစီအစဉ်များသည် အစပိုင်းကတည်းက မှားယွင်းခဲ့ပြီး အကြမ်းဖက်မှုတစ်ခုအဖြစ် အလျင်အမြန်ပြောင်းလဲသွားသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကောင်စစ်ဝန်ရုံးထဲ၌ ၁၅ ဦးအဖွဲ့ထဲမှ မာဟာမူထရပ် အမည်ရှိသူနှင့် ခါရှိုဂီတို့သည် ဆော်ဒီသို့ ပြန်ရေးကိစ္စနှင့် ပတ်သက်ပြီး အပြန်အလှန်စကားများခဲ့ကြကြောင်း၊ ခါရှိုဂီက လေသံမြှင့်လာသဖြင့်အဖွဲ့ဝင်များက ထိတ်လန့်လာကြကာ ၎င်းကို ၀ိုင်းချုပ်၍ပါးစပ် ပိတ်ကြရင်း ခါရှိုဂီမှာ အသက်ရှုကြပ်ကာ သေသွားခဲ့ကြောင်း ဆော်ဒီအရာရှိက ဆိုသည်။

၁၅ ဦးအဖွဲ့သည် အမှားကိုဖုံးရန်အတွက် ခါရှိုဂီ၏အလောင်းကို ကော်ဇောဖြင့်ပတ်ကာ ကောင်စစ်ဝန်ရုံးမှကားဖြင့် အပြင်သို့ထုတ်ပြီး ဖျောက်ဖျက်ရန် ဒေသခံတစ်ဦးကို စေခိုင်းခဲ့ကြောင်း သိရသည်။ သေမှုသေခင်းဆိုင်ရာ ကျွမ်းကျင်သူ ဆာလာတူဘိုင်ဂျီက လက်စလက်နမကျန်စေရန် ရှင်းပေးခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။

ထိုစဉ် မူစတာဖာမာဒါနီ အမည်ရှိသူသည် ခါရှိုဂီ၏အဝတ်အစား၊ နေကာမျက်မှန်၊ အက်ပဲနာရီတို့ကို ဝတ်ဆင်ကာ ကောင်စစ်ဝန်ရုံး၏ နောက်ပေါက်မှ ထွက်သွားပြခဲ့သည်ဟု သိရသည်။ ထို့နောက် ၁၅ ဦးအဖွဲ့သည် ခါရှိုဂီကို လွှတ်ပေးလိုက်သည်ဟု အထက်လူကြီးများထံသို့ အစီရင်ခံစာအမှား ရေးပေးခဲ့ကြသည်ဟု ဆော်ဒီအရာရှိက ဆိုသည်။

တူရကီ အစိုးရအရာရှိများက ခါရှိုဂီအား သတ်ခဲ့သူများသည် အလောင်းကို အစ္စတန်ဘူနှင့်ကပ်ရပ်ရှိ ဘယ်ဂရပ်တောအုပ်ထဲတွင် စွန့်ပစ်ခဲ့ဖွယ်ရှိသည်ဟု ပြောခဲ့ကြသည်။ လက်ရှိတွင် စုံစမ်းထောက်လှမ်းသူများသည် အလောင်းမှာ မည်သည့်နေရာသို့ ရောက်သွားသည်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု ဆော်ဒီအရာရှိက ပြောကြားခဲ့သည်။

ဝေဖန်သူများကမူ ခါရှိုဂီကို ၎င်း၏ သဘောဆန္ဒအတိုင်း နေရပ်သို့ ပြန်ခေါ်ရုံသာဆိုလျှင် ယခုဖြစ်စဉ်အတွင်း စစ်တပ် အရာရှိ၊ သေမှုသေခင်းဆိုင်ရာ ကျွမ်းကျင်သူ အပါအဝင် အဘယ်ကြောင့် လူများစွာပါဝင်ရသနည်းဟု မေးခွန်းထုတ်နေကြသည်။ 

Refး Reuters,AFP

Most Read

Most Recent