IS တို့ တစ်ချိန်က မွှေနှောက်ခဲ့သည့် ဆီးရီးယားမြို့လေးတွင် ဆင်းရဲမွဲတေမှုနှင့် ကြောက်ရွံ့မှုတို့ ဖိစီးလျက်ရှိ

IS တို့ တစ်ချိန်က မွှေနှောက်ခဲ့သည့် ဆီးရီးယားမြို့လေးတွင် ဆင်းရဲမွဲတေမှုနှင့် ကြောက်ရွံ့မှုတို့ ဖိစီးလျက်ရှိ
Photo: AP
Photo: AP
Published 27 February 2022
Ref: AP

ဆီးရီးယားနိုင်ငံ ရက်ကာမြို့၌ လွန်ခဲ့သည့် နှစ်အနည်းငယ်က IS စစ်သွေးကြွများ၏ ရက်စက်သော အုပ်ချုပ်ကြီးစိုးချိန်အတွင်း ဆိုးရွားသောအခြေအနေများကို မာမွတ်ဒန်ဒါဆိုသူ အမျိုးသားတစ်ဦးက ပြန်ပြောင်းစဉ်းစားနေခဲ့သည်။

သူသည် ဆီးရီးယားကနေ ထွက်ခွာလိုသော်လည်း ပြဿနာမှာ အသက်ရ၅ နှစ်အရွယ်သူ့တွင် ငွေကြေး မရှိခြင်းဖြစ်သည်။ သူသည် ဆန္ဒပြမှုများနှင့် စစ်ပွဲများက နိုင်ငံနှင့် နိုင်ငံသုံးငွေကြေးအား ပြိုလဲသွားစေခဲ့သည့် အတိတ်နေ့ရက်များကို ပြန်လည်ပြောပြခဲ့သည်။

ဆီးရီးယားသည် ထိုနောက်ပိုင်းတွင် ပြန်လည်ရုန်းထနိုင်ခဲ့ခြင်း မရှိတော့ပေ။ ဒန်ဒါတွင် ယခင်က အလုပ်အကိုင်ရှိခဲ့ပြီး ၎င်း၏ကလေးများသည်လည်း ဘွဲ့ရရှိခဲ့ကာသင့်တင့်လျောက်ပတ်သည့်အနာဂတ်ရှိခဲ့ပြီး အစားအသောက်မှာ မည်သည့်အခါတွင်မျှ ပြတ်လပ်ခြင်းမရှိခဲ့ပေ။

“ဒါတွေကလက်ရှိမှာတော့ ဘာမှမရှိတော့ဘူး။ ကျွန်တော်တို့လဲ ကျွန်တော်တို့နိုင်ငံသုံး ငွေကြေးလိုမျိုး ပြိုလဲနေပါပြီ” ဟု ၎င်းက ဆိုသည်။

IS တို့ ကြီးစိုးခဲ့သည့် ရက်ကာမြို့တွင်မြို့ခံပေါင်း ၃၀၀,ဝဝဝခန့်ရှိပြီး လက်ရှိတွင် လွတ်လပ်သွားပြီ ဖြစ်သော်လည်း မြို့ခံအများစုသည်မြို့မှ ထွက်ခွာရန် ကြိုးပမ်းနေကြသည်။ ၎င်းတို့သည် တူရကီသို့ ထွက်ခွာနိုင်ရန်အတွက် ငွေကြေးရရှိရန်ပိုင်ဆိုင်မှုများကို ရောင်းချရန်ကြိုးပမ်းနေကြသည်။

၂၀၂၁ ခုနှစ်အတွင်း တူရကီနိုင်ငံသို့ ထွက်ခွာသည့် ရက်ကာမြို့ခံ ၃၀၀၀ ထက်မနည်းရှိသည်ဟု မြို့၏ပြည်သူ့ကောင်စီဒုဥက္ကဌ မိုဟာမက်နော်က ပြောကြားခဲ့သည်။

၎င်းတို့၏အကြောင်းပြချက်များသည် ကမ္ဘာ့အရှုပ်ထွေးဆုံး ပဋိပက္ခဇုန်များမှ တစ်ခုဖြစ်သည့်ဆီးရီးယားတွင် စစ်ပြီးခေတ်လူနေမှုဘဝကို ထင်ဟပ်လျက်ရှိသည်။ အဆိုးရွားဆုံးမိုးခေါင်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် စီးပွားရေးပြိုလဲပြီး အလုပ်လက်မဲ့ဦးရေတိုးလာသည့်အပြင် IS စစ်သွေးကြွများနှင့် ရာဇဝတ်ဂိုဏ်းများ တစ်ဖန်ပြန်လည်ဝင်ရောက်လာမည့်အရေးကို စိုးရိမ်နေကြသည်။

ထို့ပြင် တူရကီ၊ ရုရှားနှင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များအပါအဝင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသအသီးသီးကို ထိန်းချုပ်သည့်ပြိုင်ဘက်အင်အားကြီးနိုင်ငံများအကြား ပဋိပက္ခများလည်းပေါ်ပေါက်နေသည်။

အပေါ်ယံတွင် ရက်ကာမြို့သည် IS အုပ်ချုပ်မှုမှ နှေးကွေးနေသည့် ပြန်လည်နာလန်ထူနေမှုမှာ အထင်အရှားဖြစ်သည်။ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဖောက်သည်များဖြင့်ပြည့်နေသည်။ ကာ့ဒ်ဦးဆောင်သည့် တပ်ဖွဲ့များသည် အဓိကလမ်းဆုံတိုင်းတွင် စောင့်ကြပ်ပေးနေသည်။

သို့သော် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ကာ့ဒ်တပ်ဖွဲ့များ လုံခြုံရေးပေးနေသည့် ရက်ကာမြို့တွင် ဆင်းရဲမွဲတေမှုကြီး စိုးလျက်ရှိသည်။ လူများသည် ပေါင်မုန့်ကဲ့သို့ အခြေခံအစားအစာများ ရရှိရန် တန်းစီစောင့်ဆိုင်းနေကြသည်။ အလုပ်လက်မဲ့လူငယ်များ ထိုင်နေကြပြီးရေနှင့်လျှပ်စစ်ဓာတ်အားမှာ အကန့်အသတ်ဖြင့်သာ ရရှိသည်။ လူများသည် ဗုံးဒဏ်ကြောင့်ပျက်စီးနေသည့် အဆောက်အဦးများကြားတွင် နေထိုင်နေရသည်။ ဒေသတွင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ မြို့၏ ၃၀ ရာခိုင်နှုန်းထက်မနည်း ထိခိုက်ပျက်စီးနေသည်ဟု ဆိုသည်။

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် လူငယ်များအား IS အဖွဲ့အတွင်း ဝင်ရောက်စေသည့် အကြောင်းအရင်းဖြစ်လာသည်။ IS တို့၏ လူသစ်စုဆောင်းမှုနည်းလမ်းအသစ်မှာ လူငယ်များအားငွေကြေးဖြင့် ဖျားယောင်းဆွဲဆောင်ခြင်းဖြစ်သည်ဟု ကာ့ဒ်စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကာ့ဒ်ဦးဆောင်သည့်မြို့အုပ်ချုပ်သူများသည် လွန်ခဲ့သည့်နှစ်ကအလုပ်အကိုင်ရှာဖွေသူများထံမှ CV ဖောင် ၂၇၀၀၀ ရရှိသော်လည်း အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း မရှိပေ။

ရက်ကာမြို့တွင် ပြန်ပေးဆွဲမှုများ မြင့်တက်နေသည့်အတွက် ငွေကြေးပိုင်ဆိုင်မှုရှိခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။

အိမ်ခြံမြေလုပ်ကိုင်သည့် အသက် ၃၇ နှစ်အရွယ် အိုင်မန်အယ် ဟာဆန်သည် ၎င်း၏နေအိမ်မှရက်ပေါင်းများစွာ ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရသည်။ လွတ်မြောက်ရန်အတွက်သူသည် ဒေါ်လာ ၄၀၀၀၀၀  ပေးခဲ့ရသည်။ သူသည်ယင်းဖြစ်စဉ်ကို ဒေသခံအာဏာပိုင်များအား တိုင်ကြားခဲ့သော်လည်း မည်သို့မျှတာဝန်ယူ လုပ်ဆောင်ပေးခြင်းမရှိပေ။

စက်တင်ဘာလက ထွက်ခွာခဲ့ပြီးလက်ရှိ ဥရောပသို့ရောက်ရှိနေသည့် အယ်ဟာဆန်၏ဆွေမျိုးနှစ်ဦးက ၎င်းတို့သည် စီးပွားရေးမသေချာမှုများအပြင် အကြမ်းဖက်ခံရလာနိုင်သည့် ခြိမ်းခြောက်မှုများကြောင့် မြို့မှထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တူရကီမှတစ်ဆင့်ဥရောပသို့ တူးမြောင်းများကိုဖြတ်သန်း၍ သွားရောက်သည့်ခရီးသည် ကြမ်းတမ်းပြီး စွန့်စားရကာလူကုန်ကူးသူများကို တစ်ဦးလျှင် ဒေါ်လာ ၂၀၀၀ ပေးရသည်ဟု သိရသည်။

Most Read

Most Recent