ကျော်စောသတင်းနှင့် တရားမဝင် ဆေးကုသသူ ရှိသည်ဟု သံသယရှိသော ပုဂ္ဂလိကဆေးခန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် ဆက်လက်စစ်ဆေး

ကျော်စောသတင်းနှင့် တရားမဝင် ဆေးကုသသူ ရှိသည်ဟု သံသယရှိသော ပုဂ္ဂလိကဆေးခန်းများကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် ဆက်လက်စစ်ဆေး
မတ်လအတွင်းက ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးကုခန်းတစ်ခုကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီက ရှောင်တခင် စစ်ဆေးစဉ်
မတ်လအတွင်းက ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးကုခန်းတစ်ခုကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီက ရှောင်တခင် စစ်ဆေးစဉ်
Published 21 October 2018
အိသဥ္ဇာကျော်

ကျော်စောသတင်းနှင့် တရားမဝင် ဆေးကုသသူရှိသည်ဟု သံသယရှိသော ပုဂ္ဂလိက ဆေးခန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ရှောင်တခင် ဆက်လက် စစ်ဆေးနေကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ ကော်မတီက လတ်တလောဆောင်ရွက်နေတာက တော့ လူမှုကွန်ရက်စာမျက်နှာမှာ ကျော်စောသတင်းဖြစ်နေတဲ့ ဆေး ခန်းတွေရှိပါတယ်။ လူထုကလည်း တိုင်ကြားတာရှိတယ်။ အဲဒါတွေကို ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်။ ကျန်နေတဲ့ဆေးခန်းတွေကို ဆက်စစ်မှာပါ။ ရန်ကုန်တိုင်းမှာက ဒီလိုဆေး ခန်းတွေ အများအပြားရှိနေတယ်။ ကနဦးကတော့ ကျော်စောသတင်း၊ အလွန်အကြူးကြော်ငြာတဲ့ဆေးခန်း နဲ့တရားမဝင်ဆေးကုသနေသူတွေရှိ တယ်လို့ သတင်းရတဲ့ဆေးခန်းတွေ ကို  ဦးစားပေးပြီး ဆောင်ရွက်နေ တယ်။ ကျန်တာကတော့ ရှောင်တ ခင်မဟုတ်ဘဲနဲ့ ပုံမှန်စစ်နေတာတွေ လည်းရှိပါတယ်။ ဒီဆေးခန်းတွေနဲ့ ပတ်သက်လို့ လူထုအနေနဲ့လည်း တစ်စုံတစ်ရာ တိုင်ကြားလိုတာရှိရင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကြီး ကြပ်မှုကော်မတီကို သတင်းပေး တိုင်ကြားနိုင်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ပုဂ္ဂလိက ဆေးကုခန်းများကို ပြီးခဲ့သည့်မတ်နှင့် ဧပြီလများအတွင်းက သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များ အတွင်းရှိ ပုဂ္ဂလိကဆေးကုခန်း ခြောက်ခုကို စစ်ဆေးခဲ့ရာ ယင်းတို့ အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦးဆေးခန်းတွင် တရားမဝင် ဆေးဝါးနှင့် ခွဲ စိတ်ခန်းများ တွေ့ရှိခဲ့သည့်အတွက် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများဖြင့် အရေးယူထားပြီး The Sun နေဝန်း ဆေးခန်းတွင်မူ တရားမဝင်ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုနေသူ ရှိသည့်အတွက် အမျိုးသား ဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေများဖြင့် အရေးယူထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးကု ခန်းအချို့တွင် မြန်မာဆရာဝန်များ ၏အမည်ကို ခံယူပြီး ဆေးကုသခွင့် မရှိသော နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ တွေ့နေကြောင်း မေ ၁၇ ရက်က ကျင်းပခဲ့သည့် ‘ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီနှင့် ကိုယ်ပိုင်ဆေးကု ဂေဟာများ တွေ့ဆုံပွဲ’ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက အထူးကုဆေးရုံ ၁၂ ရုံ၊ အထွေထွေရောဂါကု ဆေးရုံ ၄၂ ရုံ၊ အထူးကုဆေးခန်း၂၈၀ ၊ အ ထွေထွေ ရောဂါကုဆေးခန်း ၂၆၆၆ ခန်းရှိကြောင်း၊ ဆက်လက်၍ လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ဆောင်နေသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများအား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကော်မတီအနေဖြင့် အဓိကအားဖြင့် တရားမဝင် နိုင်ငံခြားသား ဆေးကုသသူများ၊ တရားမဝင် ဆေးကုသခြင်းရှိမရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင်ရှိ မရှိ၊ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းရှိ၊ မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent