မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၏တောင်ဘက် လေးကေ့ကော်ဒေသတွင် ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲအရှိန်မြင့်မားလာပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ဖလူး ကျေးရွာစစ်ဘေးရှောင်စခန်းအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ဘေးရှောင်နေသူများ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရကြောင်းသိရသည်။
ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် လေးကေ့ကော်ဒေသမှ စစ်ဘေးသင့်ပြည်သူများထားရှိရာ မြဝတီမြို့နယ် ဖလူးကျေးရွာ (အ.လ.က) စစ်ရှောင်စခန်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် စစ်ဘေးသင့်ပြည်သူများ ထပ်မံနေရာပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။
ထို့ပြင် မြန်မာဘက်မှပစ်လိုက်သော လက်နက်ကြီးကျည်နှစ်လုံး မဲဆောက်ဘက်ခြမ်းရှိ ထိုင်းကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ကျရောက်ပေါက်ကွဲသဖြင့် ထိုင်းရွာသားများလည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း သ်ိရသည်။
ထို့အတူ မယ်ထော်သလေးကျေးရွာနေအိမ်များအား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသလို ကျည်ထိမှန်သဖြင့် ပျက်စီးသော နေအိမ်များလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။















