စကားတို့၏ အခြေခံသဘော

စကားတို့၏ အခြေခံသဘော
Published 1 December 2021

လူတစ်ဦးက တွေးမိ၊ ခံစားမိသည်ကို အခြားသူတစ်ဦး သိရှိနားလည်စေရန်အတွက် စကားသည် အရေးပါသော ဆက်သွယ်ရေး ပစ္စည်းတစ်ရပ်ဖြစ်သည်။ လူတစ်ဦးက အခြားလူတစ်ဦးထံ မိမိစိတ်၌ ဖြစ်ပေါ်သော အကြောင်းကိစ္စကို ဖွင့်ဟထုတ်ဖော်လိုလျှင် စကားဖြင့် ပြောကြားနိုင်သည်။ နားထောင်ရသောသူကလည်း ပြောဆိုသူ၏ စကားကို ကြားရလျှင် ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်နိုင်သည်။ မိမိက ပြန်လည်ပြောဆိုလိုသည့် ကိစ္စကိုလည်း စကားဖြင့်ပင် ပြန်လည်ပြောကြားနိုင်သည်။ စကားကို လူတို့နေ့တိုင်း ပြောဆိုနေကြသော်လည်း အမှုမဲ့အမှတ်မဲ့ဖြင့် စကား၏ ထက်မြက်လှသော ဆက်သွယ်ရေး တန်ခိုးအာနိသင်ကို ဂရုမပြုမိကြပေ။ စေ့စေ့စပ်စပ်သုံးသပ်လျှင်မူ စကားသည် လူ့ဘောင်အဖွဲ့အစည်းတွင် မည်မျှကျေးဇူးပြုလျက်ရှိသည်ကို သိမြင်လာနိုင်မည်ဖြစ်သည်။ အကယ်၍ လူ့လောကတွင် စကားဟူ၍မရှိပါက လူတို့၏ ပေါင်းသင်းဆက်ဆံရေးသည်လည်းကောင်း ယဉ်ကျေးမှု သည်လည်းကောင်း မည်မျှဆုတ်ယုတ်နိမ့်ကျသွားမည်ကို တွေးဆချင့်ချိန်နိုင်သည်။

စကား၏ စွမ်းအင်သတ္တိကြီးတစ်ရပ်လည်း ရှိသေးသည်။ လူတိုင်းလူတိုင်းသည် အချင်းချင်း ဆက်သွယ်ပေါင်းသင်းရာတွင် စကားဖြင့် ပြောကြားနားလည်ကြသည်ကား မှန်၏။ စကားကို လူတိုင်းပြောတတ်သော်လည်း ပြောရာတွင် ထိရောက်မှုချင်းကား မတူကြချေ။ လေယူလေသိမ်းတွင် သူတစ်ပါးထက် ထူးချွန်ကောင်းမွန်အောင် ပြောနိုင်သူများလည်း ရှိသည်။ မိမိပြောလိုသည့် အဓိပ္ပာယ်ကို သူတစ်ပါးထက် ရှင်းလင်းပြတ်သားအောင် ပြောနိုင်သူများလည်းရှိသည်။ သူတစ်ပါး၏နားတွင် စွဲငြိ၍သွားလောက်အောင် ပြောနိုင်သူများလည်းရှိသည်။ အခြားတစ်ဖက်က ကြည့်ပြန်လျှင်လည်း သူတစ်ထူး နားမခံသာအောင် အပြောကြမ်းသူများလည်း ရှိသည်။ မိမိပြောဆိုသည့် အဓိပ္ပာယ်သို့မရောက်ဘဲ ရှုပ်ထွေးသွားခြင်းဖြင့် နားထောင်သူ၏ အာရုံကို ပျက်ပြားစေသော စကားပြောသူများလည်း ရှိသည်။ ထိုကြောင့် စကားအရာနှင့် ပတ်သက်၍ ‘နှုတ်ချို လျှိုတစ်ပါး’၊ ‘ချစ်စေလို ခံတွင်း လက်လေးသစ် ၊ မုန်းစေလို ခံတွင်းလက်လေးသစ်’ ဟူသော စကားပုံဆိုရိုးများ ရှိနေခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားက သမ္မာဝါစာဟူ၍ အကျိုးရှိစေမည့် စကားပြောဆိုနည်းကို ဟောကြားခဲ့ဖူးသည်။ သမ္မာဝါစာ (ကောင်းမွန်မှန်ကန်သောစကား) ဆိုသည်မှာ (၁) မဟုတ် မမှန်သောစကားကို မပြောဆိုဘဲ မှန်ကန်သောစကားကို ပြောဆိုခြင်း၊ (၂) တစ်ဦးနှင့် တစ်ဦး အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်းအဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း၊ (၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသော စကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်မွေ့သောစကားကို ပြောဆိုခြင်းနှင့် (၄) အနှစ်သာရမရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိနှင့်သူတစ်ပါး နှစ်ဦးစလုံး အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ဖြစ်သည်။

လူအများ မှားတတ်ကြသည့် အဓိကအမှားတစ်ရပ်မှာ ဘာသာဗေဒဟူသည် စကားကို လေ့လာခြင်းဖြစ်ကြောင်း သဘောမပေါက်ဘဲ စာကိုလေ့လာခြင်းဟု ထင်မှတ်နေခြင်း ဖြစ်သည်။ လူတို့ ရေးသားအသုံးပြုသော ‘ စာ’ မှာ ‘စကား’ ၏ နောက်ကာလအတန်ကြာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ စကားသည် မူရင်းဒြပ်ဝတ္ထု၊ မူရင်းအတွေးအခေါ်၊ မူရင်းစိတ်လှုပ်ရှားမှုတို့၏ အသံသင်္ကေတများ ဖြစ်သကဲ့သို့ စာသည် စကား၏သင်္ကေတ လက္ခဏာပင်ဖြစ်သည်။ စာသည် ပင်ရင်းမဟုတ်၊ စကားသာ ပင်ရင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စကား၏အခြေခံ အဓိကဂုဏ်ပုဒ်ကြီးသည် လူ့ယဉ်ကျေးမှုတည် သမျှကာလပတ်လုံး တည်မြဲနေမည်ဖြစ်ပြီး ထိုဂုဏ်ပုဒ်ကြီးကား အခြားမဟုတ်၊ လူအချင်းချင်းကို လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ပေါင်းစည်းပေးသည့် ‘ဆက်သွယ်ရေး သဘော’ ပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent