ပဲခူးတိုင်းအတွင်း ဘက်ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ဝန်ကြီးချုပ် ပြောကြား

ပဲခူးတိုင်းအတွင်း ဘက်ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ဝန်ကြီးချုပ် ပြောကြား
Published 28 October 2021

ပဲခူးတိုင်းဒေသကြီးအတွင်း ဘက်ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ပဲခူတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘက်ထရီသုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးဆိုလာပြား ထုတ်လုပ်သည့်လုပ်ငန်း၊ သဘာဝဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ပဲခူတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အားများများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကခွင့်ပြုပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများ တည်ငြိမ်လုံခြုံစိတ်ချစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် လမ်း၊ လျှပ်စစ်မီး၊ ရေနှင့်လုံခြုံရေးများကို ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက် တူးဖော်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊  ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စသည့်  လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေးလျက်ရှိသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂၅၀ ကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဘီလျံကျော်အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထား သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံ ဝင်ရောက်မြှုပ်နှံထားမှုတွင် UK က ဒေါ်လာ ၂ ဒသမ ၅၀၆  ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် ဘရူနိုင်းက ဒေါ်လာ ၁ ဒသမ ၄၆၉  သန်း၊ တရုတ်က ဒေါ်လာ ၁၇၅ ဒသမ ၈၃၄ သန်း၊ တိုင်ပေက ဒေါ်လာ ၀ ဒသမ ၄၄၃ သန်း၊ H.K က ဒေါ်လာ ၁၁ ဒသမ ၁၃၈ သန်း ၊ အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဂျပန် က ဒေါ်လာ ၅၁၈ ဒသမ ၇၆၁ သန်း၊ မလေးရှားက ဒေါ်လာ ၂ ဒသမ ၁ သန်း၊ Marshall Island က ဒေါ်လာ ၁၀ ဒသမ ၇၀၀ သန်း၊ R.O.K က ဒေါ်လာ ၃၂ ဒသမ ၆၁၄ သန်း၊ Samoa က ဒေါ်လာ ၀ ဒသမ ၅၀၀ သန်း၊ စင်ကာပူက ဒေါ်လာ ၄၂၉ ဒသမ ၃၃၆ သန်း ၊ ထိုင်းက ဒေါ်လာ ၉၉ ဒသမ ၁၈၅ သန်း၊ U.K က ဒေါ်လာ ၂၅၀၆ ဒသမ ၉၁၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်မြှုပ်နှံထားခြင်း ဖြစ်သည်။

Most Read

Most Recent