မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေစေရန် ရုရှား-မြန်မာ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းရန်နှင့် နှစ်နိုင်ငံဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းတို့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အန်နာသိုလီဘူလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ယင်းသို့ဆွေးနွေးရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍတို့တွင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်း ဆောင်ရွက်နိုင်ရေးအတွက် အဆိုပြုကြောင်း ဒုတိယဥက္ကဋ္ဌ အန်နာသိုလီဘူလော့ချ်နိကော့က ပြောကြားသည်။
ရုရှား-မြန်မာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်း ဆောင်ရွက်မည့်ကိစ္စကို လက်ခံပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
အဆိုပါကော်မတီတွင် နှစ်နိုင်ငံမှ သင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဆောလျင်စွာ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေသည့် အခြေအနေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ဆွေးနွေးပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ် သုံးနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုကဏ္ဍ၌ တစ်နှစ်လျှင် ဒေါ်လာ ၃၀ ဘီလျံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၆ သန်းကျော်ရှိပြီး ပို့ကုန်ပမာဏ ဒေါ်လာ ၂၇ သန်းကျော်နှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၉ သန်းကျော်ရှိသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၆၀ ကျော်ရှိပြီး ပို့ကုန်ပမာဏ ဒေါ်လာ ၃၂ သန်းကျော်နှင့် သွင်းကုန်ပမာဏ ဒေါ်လာ ၂၇ သန်းကျော်ရှိ သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂၅၀ ကျော် ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဘီလျံကျော်အထိရှိပြီး ယင်းအနက် ရုရှားနိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းနှစ်ခုရှိပြီး ရင်းမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၄ သန်းသာရှိသည်။ ယင်းပမာဏမှာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။









