Wikileaks တည်ထောင်သူ အဆန်ဂ်က အခြေခံ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြင့် အီကွေဒေါကို တရားစွဲ

Wikileaks တည်ထောင်သူ အဆန်ဂ်က အခြေခံ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြင့် အီကွေဒေါကို တရားစွဲ
၂၀၁၇ ခုနှစ် မေ ၁၉ ရက်တွင် လန်ဒန်ရှိ အီကွေဒေါသံရုံးလသာဆောင်တွင် ဂျူလီယန်အဆန်ဂ်က မီဒီယာများကို စကားပြောနေစဉ် (Photo: AP)
၂၀၁၇ ခုနှစ် မေ ၁၉ ရက်တွင် လန်ဒန်ရှိ အီကွေဒေါသံရုံးလသာဆောင်တွင် ဂျူလီယန်အဆန်ဂ်က မီဒီယာများကို စကားပြောနေစဉ် (Photo: AP)
Published 21 October 2018
Ref: AFP

Wikileaks တည်ထောင်သူ ဂျူလီယန်အဆန်ဂ်သည် လန်ဒန်ရှိ အီကွေဒေါသံရုံး၌ နေထိုင်စဉ် ၎င်း၏ အခြေခံအခွင့်အရေးများ ချိုးဖောက်ခံရမှုနှင့် ၎င်းကို ပြင်ပကမ္ဘာနှင့်အဆက်အသွယ် ကန့်သတ်ထားမှုတို့ဖြင့် အောက်တိုဘာ ၁၉ ရက်တွင် အီကွေဒေါအစိုးရကို တရားစွဲခဲ့သည်။

အီကွေဒေါအစိုးရသည် ဗြိတိန်နှင့် အတိုက်အခံဖြစ်နေရသည့် လက်ရှိအခြေအနေကို အပြီးသတ်ရန်အတွက် ၎င်း၏ သံရုံး၌ အသက် ၄၇ နှစ်အရွယ် သြစတြေးလျနိုင်ငံသား အဆန်ဂ်အား လက်ခံထားခြင်းအား အဆုံးသတ်ရန် စီစဉ်နေသည်ဟု ထင်ကြေးပေးမှုများမြင့်တက်လာစဉ် ယခုတရားစွဲမှုထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

အီကွေဒေါသည် သံရုံးအတွင်းနေထိုင်နေသည့် အဆန်ဂ်နှင့် ပတ်သက်၍ ယခုလအတွင်း စည်းမျဉ်းအသစ်များကို ရေးဆွဲခဲ့သည်။ အဆိုပါစည်းမျဉ်းအသစ်များအရ အဆန်ဂ်သည် ဆေးဖိုးဝါးခများ၊ ဖုန်းခေါ်ဆိုမှုများအတွက် အခကြေးငွေပေးရန် လိုအပ်ပြီး ၎င်း၏ကြောင်နှင့်ပတ်သက်၍လည်း တာဝန်ယူမှုရှိရမည်ဟု ဖော်ပြထားသည်။ အဆန်ဂ်၏ တရားစွဲမှုကို လာမည့်သီတင်းပတ်တွင် အီကွေဒေါ၌ စတင်ကြားနာလိမ့်မည်ဟု ခန့်မှန်းရကြောင်း ဗြိတိန် Press Association သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အဆန်ဂ်အပေါ် ကာကွယ်ပေးနေမှုကို ရုပ်သိမ်းမည်ဟု အီကွေဒေါက ခြိမ်းခြောက်ကာ ဂျာနယ်လစ်များ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ လာရောက်တွေ့ဆုံမှုကို လက်မခံခြင်း အပါအဝင် အဆန်ဂ်ကို ပြင်ပကမ္ဘာနှင့် ရုတ်ချည်းအဆက်အသွယ်ဖြတ်ပြီး ခုနစ်လနီးပါးအကြာတွင် ယခုကဲ့သို့ တရားစွဲရသည်ဟု Wikileaks တွင် ဖော်ပြခဲ့သည်။

အဆန်ဂ်သည် အီကွေဒေါ၏ ပြည်ပမူဝါဒရေးရာကို ဝင်ရောက်မစွက်ဖက်ရန် ဝန်ခံကတိထိုးထားမှုကို ချိုးဖောက်သည်ဟု အီကွေဒေါအစိုးရက မတ်လတွင် စွပ်စွဲကာ အဆန်ဂ်၏ အင်တာနက်နှင့် မိုဘိုင်းဖုန်း ဆက် သွယ်မှုတို့ကို ပိတ်ဆို့ထားသည့်အကြောင်း အတည်ပြုခဲ့သည်။

အဆန်ဂ်သည် သံရုံးထဲတွင် လူမဆန်စွာ နေထိုင်ရသည့် အခြေအနေတို့နှင့်ပတ်သက်၍ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီး ဟိုဆေးဗယ်လန်ဆီယာကို တရားစွဲထားသည်ဟု အဆန်ဂ်နှင့် တရားရေး အတိုင်ပင်ခံဘော် တာဇာဂါဇွန်က အီကွေဒေါတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အီကွေဒေါအစိုးရဘက်ကမူ ၎င်းတို့ဘက်တွင် တရားရေးထောက်ပံ့မှုအပြည့်အဝရှိနေပြီး တရားဥပဒေနှင့်အညီ သင့်တော်သလို တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုစွဲချက်များနှင့် ရင်ဆိုင်ရန် အဆန်ဂ်ကို ဆွီဒင်သို့ လွှဲပြောင်းသင့်သည်ဟု ဗြိတိန်တရားသူကြီးတစ်ဦးက ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် အဆန်ဂ်သည် အီကွေဒေါသံရုံး၌ စတင် ခိုလှုံခဲ့သည်။ ထိုအမှုကို နောက်ပိုင်း၌ ရုပ်သိမ်းလိုက်သော်လည်း အဆန်ဂ်သည် အမေရိကန်အစိုးရ၏ အရေးကြီးသော အချက်အလက် အများအပြားကို Wikileaks ဝက်ဘ်ဆိုက်၌ ဖွင့်ချမှုဖြင့် အမေရိကန်သို့ လွှဲပြောင်းကာ တရားရင်ဆိုင်ရဖွယ်ရှိနေသည်။

 

Most Read

Most Recent