မြိတ်မြို့တွင် ငါးလေလံဈေးကြီးတည်ဆောက်ရန် ခွင့်ပြုပြီဖြစ်သဖြင့် မြေယာပြုပြင်ခြင်းများကို လာမည့်ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မည်

မြိတ်မြို့တွင် ငါးလေလံဈေးကြီးတည်ဆောက်ရန် ခွင့်ပြုပြီဖြစ်သဖြင့် မြေယာပြုပြင်ခြင်းများကို လာမည့်ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မည်
Published 25 September 2021
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးလေလံစျေးကြီးတစ်ခု တည်ဆောက်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် မြေယာပြုပြင်ခြင်းများကို လာမည့်ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် အမေရိကန်ဒေါ်လာသန်း ၃၀၀ (ကျပ် ဘီလျံ ၅၀၀) ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးကြီးတစ်ခု တည်ဆောက်ရန် တင်ပြထားခဲ့ပြီး ယခုအခါ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း သိရသည်။

ငါးလေလံစျေးကြီး တည်ဆောက်ရန်  ခွင့်ပြုပေးထားမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ငါးလေလံ စျေးတည်ဆောက်ရန် ခွင့်ပြုပေးလိုက်တဲ့သတင်းကို ကြားသိရပါတယ်။ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်မှာဖြစ်လို့ ဝမ်းသာကျေးဇူတင်ပါတယ်။ ကျွန်တော်တို့ မြေယာကိစ္စတွေ ပထမဆုံးဆောင်ရွက်ရပါ့မယ်။ တောင်သူတွေနဲ့ဆွေးနွေးရမယ်။ မြေယာပြုပြင်ခြင်းလုပ်ငန်းတွေကို လာမယ့်ပွင့်လင်းရာသီဆို စတင်ဆောင်ရွက်တော့မှာပါ။ ရင်းနှီးမြှုပ်နှံမယ့်ငွေကြေးနဲ့ ပတ်သက်ပြီး ဘဏ်များလုပ်ငန်းလည်ပတ်မှု မြန်ဆန်လာဖို့လည်း အရေးကြီးပါတယ်” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်မြို့တွင် တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ငါးလေလံစျေးနှင့် ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်လာရောက် စစ်ဆေးကြည့်ရှုထားခဲ့ပြီးဖြစ်ရာ လုပ်ငန်းစတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား လုပ်ငန်းကာလ ၇ နှစ် သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်း စတင်သည့်အချိန်မှစ၍ အလုပ်အကိုင် အခွင့်အလမ်း သောင်းနှင့်ချီကာ ရရှိမည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

စီမံကိန်းအား အပိုင်းလေးပိုင်းခွဲထားပြီး ငါးတင်/ငါးချဆိပ်ကမ်း၊ အအေးခန်းများ၊ ကုန်ကြမ်းများကို အချောထည်လုပ်မည့် စက်ရုံများ၊ လူနေအိမ်ရာများ၊ ဆက်စပ်နေရာများ၊ စီမံကိန်းအတွက် ထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီက Developer အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြေဧက ၂၁၀၀ ပေါ်တွင်စီမံကိန်း အကောင်ထည်ဖော်ရန်လျာထားပြီး ၂၀၂၈ ခုနှစ်တွင် စီမံကိန်းအပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍတွင် အရေးပါသည့် မြိတ်ကျွန်းစုထွက် ရေထွက်ကုန်များမှာ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပေးလျက်ရှိရာ ထိုင်းနိုင်ငံတွင်ငါးစျေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ငါးစျေးကွက် မြန်မာနိုင်ငံတွင် ရောက်ရှိပြီး ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးစျေးတစ်ခု လည်ပတ်ရန်လိုအပ်နေသည့်အတွက် လုပ်ငန်းအကောင်ထည်ဖော်ရန် ခွင့်ပြုချက်ရခဲ့ကြောင်း သိရသည်။          

Most Read

Most Recent