လေဆိပ် (ကုန်လှောင်ရုံ) တွင် လေကြောင်းလိုင်းအသီးသီးမှ ရောက်ရှိနေသော ဆေးနှင့်ဆေးပစ္စည်းများအား အမြန်ဆုံးလာရောက်ထုတ်ယူကြရန် အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် လေဆိပ် (ကုန်လှောင်ရုံ) ၊ ဆိပ်ကမ်းမှတစ်ဆင့် ရေကြောင်း/လေကြောင်းတို့မှ တင်သွင်းလာသော COVID-19 ကာကွယ်/ထိန်းချုပ်/ကုသရေးပစ္စည်းများနှင့် ဆေးဝါးများအား တင်သွင်းသူများထံ ထုတ်ပေးနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ထုတ်ယူနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်မှစတင်၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ခွင့်ပြုခဲ့သည့် COVID-19 ဆေးနှင့်ဆေးပစ္စည်းများအား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ မှ စက်တင်ဘာ ၁၂ ရက်အထိ ဖိုင်အရေအတွက် ၁၆၃၅ စောင်အား နှစ်ပတ်အတွင်း အပြီးသတ်ရှင်းလင်းပေရန် ကတိခံဝန်ချက်ဖြင့် ကြိုတင်ထုတ်ပေးခဲ့သည်။ ယင်းဖိုင်များအနက် စက်တင်ဘာ ၁၂ ရက်အထိ ၁၀၆၁ ဖိုင် အပြီးသတ်ရှင်းလင်းခဲ့ပြီး ၅၇၄ ဖိုင်စာရင်း ရှင်းလင်းရန် ကျန်ရှိနေသည်။
ထုတ်ယူပြီး အပြီးသတ်ရှင်းလင်းရန် ကျန်ရှိနေသော သက်ဆိုင်ရာကုမ္ပဏီများသည် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အပြီးသတ် ရှင်းလင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေဆိပ် (ကုန်လှောင်ရုံ) တွင် လေကြောင်းလိုင်းအသီးသီးမှ ရောက်ရှိနေသော ဆေးနှင့်ဆေးပစ္စည်းများအား အမြန်ဆုံးလာရောက် ရှင်းလင်းထုတ်ယူကြရမည် ဖြစ်ကြောင်း၊ လေဆိပ် (ကုန်လှောင်ရုံ) တွင် ရောက်ရှိနေသော ဆေးနှင့်ဆေးပစ္စည်းများ၊ အမြန်လာရောက်ထုတ်ယူကြရန် ကိုယ်တိုင်တာဝန်ခံမှုဖြင့် ထုတ်ယူပြီး အပြီးသတ်ရှင်းလင်းရန် ကျန်သောဖိုင်များအား လာရောက် ရှင်းလင်းကြရန်နှင့် လာရောက်ထုတ်ယူခြင်း၊ စာရင်းရှင်းလင်းခြင်းမပြုသော သက်ဆိုင်ရာ ကုမ္ပဏီများအား အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အကောက်ခွန်ဦးစီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်းနှင့်နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ပိတ်ရက်မရှိ စစ်ဆေးထုတ်ပေးလျက် ရှိသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို တရုတ်နိုင်ငံမှတင်သွင်းရာတွင် နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် အခက်အခဲမရှိ တရားဝင်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှသိရသည်။
ယင်းသို့ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိရာတွင် ကုန်ပစ္စည်းတင်သွင်းလိုသူများအနေဖြင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ စီးပွားရေးသံရုံးတို့အကြား ညှိနှိုင်းထားသည့်ပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍ email: ferd.covid2021@gmail.com သို့ ပေးပို့ရန်လိုအပ်သည်။
မူဆယ်နယ်စပ်မှတင်သွင်းမည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် တင်ပြလျှောက်ထားသည့်စာများတွင် တစ်ဖက်တရုတ်နိုင်ငံရှိ ဆက်သွယ်ရမည့် လူအမည်၊ ကုမ္ပဏီအမည်၊ တရုတ်ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြပေးနိုင်ပါရန် အသိပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။














