အကြမ်းဖက်စေ့ဆော်ချက်

အကြမ်းဖက်စေ့ဆော်ချက်
Published 15 June 2021

“ ရှင်တို့အနေနဲ့ သေနတ်တွေနဲ့ အကြမ်းဖက်သမားတွေကို သတ်နိုင်တယ်။

ပညာရေးနဲ့ ဆိုရင်တော့ အကြမ်းဖက်ဝါဒကို သတ်နိုင်လိမ့်မယ်”

မာလာလာ ယူဆွတ်ဇိုင် (၁၉၉၇ ခုနှစ် - ဖွား)

ပါကစ္စတန်နိုင်ငံသူ၊ တက်ကြွလှုပ်ရှားသူ၊ အသက်အငယ်ဆုံး နိုဗယ်ဆုရှင်

အကြမ်းဖက်မှုဟူသည့် စကားရပ်နှင့် ပတ်သက်၍ အများသဘောတူ လက်ခံသော တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက် မရှိသကဲ့သို့ အကြမ်းဖက်မှုကို ဖြစ်ပွားစေသည့် အကြောင်းရင်းများ သို့မဟုတ် အကြမ်းဖက်မှု၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ပတ်သက်၍လည်း အများသဘောတူရန် မဖြစ်နိုင်ပေ။ လေ့လာချက်ပေါင်း များစွာတို့က အတွေ့ရများသည့် အပြုအမူဆိုင်ရာနှင့် အနေအထားဆိုင်ရာ လက္ခဏာရပ်များကို ဖော်ထုတ်ခဲ့ကြသည်။ လေ့လာချက်များအရ ရည်ရွယ်ချက်အချို့ကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။

ခြိမ်းခြောက်အကျပ်ကိုင်ရန် - နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ထိန်းချုပ်မှုကို လျော့ပါးစေရန်အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများကို ခြိမ်းခြောက် အကျပ်ကိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်သူများအပေါ် တိုက်ခိုက်မှုများ အသုံးပြုသည်။

နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိရန် - ယင်းကဲ့သို့သော မဟာဗျူဟာမျိုးကို အယ်ကေးဒါး အဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၌ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံတို့အား တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သည်။

ဒေသဆိုင်ရာ/ပြည်တွင်း လူမှုရေးရပ်တည်ချက် - နိုင်ငံရေး ပလက်ဖောင်းများ သို့မဟုတ် မဟာဗျူဟာမြောက် ရည်ရွယ်ချက်များထက်စာလျှင် ၎င်းတို့အဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များနှင့် လူမှုရေးဆိုင်ရာ သွေးစည်းညီညွတ်မှုကို ပြလိုသည့်ဆန္ဒကသာ တစ်ဦးချင်းကျူးလွန်သည့် အကြမ်းဖက်သမားများကို စေ့ဆော်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်မှုနှင့် ပတ်သက်သော ယဉ်ကျေးမှုဆိုင်ရာ ခံနိုင်ရည် - နိုင်ငံတစ်နိုင်ငံအတွင်းရှိ စီးပွားရေးပုံစံနှင့် အကြမ်းဖက်မှုနှင့် ပတ်သက်သော အိုင်ဒီယိုလိုဂျီတို့အကြား ဆက်နွှယ်မှုများ ရှိနေသည်ဟု ဆိုကြသည်။ အကြမ်းဖက်သမားများစွာတို့၌ အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်ဖူးသည့် သမိုင်း ရှိကြသည်ဟု ဆိုသည်။

နိုင်ငံတော်သည် တရားဥပဒေနှင့် မညီဟု ယူဆခြင်း - နိုင်ငံတော်အနေဖြင့် သူ၏ နိုင်ငံသားများအပေါ် လုပ်ဆောင်ခဲ့မှုများအတွက် နိုင်ငံတော်ကို လက်စားချေလိုစိတ်က အကြမ်းဖက်သမားအချို့ကို စေ့ဆော်ပေးနိုင်သည်။

ဘာသာရေးယုံကြည်ချက် - ဗြိတိန် လုံခြုံရေးဌာန၏ကိုယ်စား ဆောင်ရွက်ခဲ့သည့် လေ့လာချက်တစ်ရပ်အရ တစ်ကိုယ်တော် အကြမ်းဖက်မှုများ၏ ၄၃ ရာခိုင်နှုန်းတွင် ဘာသာရေး ယုံကြည်ချက်က စေ့ဆော်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး - လေ့လာချက်များအရ အသေခံ အကြမ်းဖက်သမားများတွင် မိဘမဲ့၊ မိတ်ဆွေမဲ့၊ အလုပ်အကိုင်မဲ့၊ မိမိကိုယ်မိမိ သတ်သေနိုင်သည့် လက္ခဏာရပ် အစရှိသည့် လူမှုရေးအရ စိတ်ပျက်ဖွယ် အကြောင်းအရာများ တွေ့ရှိရခြင်း မရှိဟု ဆိုသည်။ ထို့ကြောင့် ၎င်းတို့သည် မျှော်လင့်ချက်မဲ့ခြင်း သို့မဟုတ် ဆုံးရှုံးစရာ ဘာမျှမရှိဟု ခံစားရခြင်း အစရှိသည့် ရိုးရှင်းသော အကြောင်းခြင်းရာများကြောင့် မိမိအသက်ကို အသေခံခြင်း မဟုတ်ဟု ဆိုသည်။

အမျိုးသားရေးဝါဒ - အကြမ်းဖက်မှုအတွက် အတွေ့ရအများဆုံး အကြောင်းခြင်းရာမှာ ပြင်းထန်သည့် ဘာသာရေး ယုံကြည်ချက် ဖြစ်သော်လည်း ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေး ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာများကိုလည်း တွေ့ရသည်။ ဥပမာအားဖြင့်  ချေချင်ညာ အကြမ်းဖက်သမားများစွာတို့သည် မိမိတို့ကိုယ်မိမိတို့ ဘာသာရေးနှင့် မဆိုင်သည့် အမျိုးသားရေးဝါဒီများဟု ခံယူထားကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။

မိသားစုကို ငွေကြေးထောက်ပံ့ရန် - အကြမ်းဖက်မှု ကျူးလွန်သူ၏ မိသားစုကို ငွေကြေး အာမခံချက် ပေးထားခြင်းက အကြောင်းခြင်းရာတစ်ရပ်အနေဖြင့် ပါဝင်သည်။ အသေခံ ဗုံးခွဲသူတို့၏ မိသားစုများကို အပိုဆုကြေးငွေများ ချီးမြှင့်ရန် အာမခံထားခြင်းမျိုး ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် အကြမ်းဖက်မှုကို စေ့ဆော်ပေးသည့် အကြောင်းခြင်းရာများကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ပြီး မည်သည့်နိုင်ငံ၏ မည်သည့်အစိုးရအဖွဲ့မျိုးကမှ အကြမ်းဖက်သမားတို့၏ ရည်ရွယ်ချက် ပြည့်ဝအောင် လိုက်လျောရိုး ထုံးစံမရှိသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent