မေလကုန်ပိုင်းတွင် အမေရိကန်ရှိ အရွယ်ရောက်ပြီးသူအားလုံးကို ထိုးနှံပေးရန် ကာကွယ်ဆေးများ အလုံအလောက်ရရှိလိမ့်ဟု သမ္မတဂျိုးဘိုင်ဒင်က မတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ဟာ မေလကုန်ပိုင်းမှာ အမေရိကန်မှာရှိတဲ့ အရွယ်ရောက်ပြီးသူတိုင်းအတွက် ကာကွယ်ဆေးထိုးပေးဖို့ လုံလောက်တဲ့ ကာကွယ်ဆေး အရေအတွက် ရရှိဖို့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီ” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် ယခင်က ဇူလိုင်လမကုန်မီ ကာကွယ်ဆေးအများအပြားရရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒါဟာ အခြေအနေတိုးတက်လာတာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ တိုးတက်မှုပါပဲ။ ဒါပေမယ့် ကာကွယ်ဆေး အလုံအလောက် ရရှိနေရုံနဲ့ မပြီးသေးပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့ပြီး ကာကွယ်ဆေးများရရှိသည့် အချိန်တွင် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဟု အလေးထားပြောဆိုခဲ့သည်။
“ ကျွန်တော်တို့ဟာ ကာကွယ်ဆေးထိုးနှံပေးမယ့် လူတွေလိုပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေရဲ့ လက်မောင်းတွေမှာ ဆေးထိုးပေးမယ့်သူတွေ လိုအပ်ပါတယ်။ သတင်းကောင်းတွေရှိတယ်ဆိုပေမယ့် အမြဲတမ်း သတိနဲ့ နိုးနိုးကြားကြားနေရမှာပါ။ ကပ်ရောဂါကြီးက မပြီးသေးပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
အမေရိကန်ထိပ်သီးဆေးကုမ္ပဏီကြီး Merck သည် ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် Johnson & Johnson ၏ တစ်လုံးတည်းသာ ထိုးရန်လိုအပ်သည့် COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်ရန် သဘောတူညီမှုနှင့် ပတ်သက်ပြီး အတည်ပြုသည့် မိန့်ခွန်းတို ပြောကြားမှုအတွင်း ဘိုင်ဒင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒုတိယကမ္ဘာစစ်တုန်းက ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးပါပဲ” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
Johnson & Johnson ၏ ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံများသည် လက်ရှိတွင် ၂၄ နာရီနှင့် ခုနစ်ရက်ပတ်လုံး စတင်လည်ပတ်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Johnson & Johnson ၏ ကာကွယ်ဆေးသည် အမေရိကန်တွင် အရေးပေါ် အသုံးပြုရန် ထောက်ခံချက်ရရှိခဲ့သည့် တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်သည်။
Johnson & Johnson သည် ဇွန်လတွင် အမေရိကန်အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ကို ဖြန့်ချိပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။
ယင်းကာကွယ်ဆေးသည် ဆေးနှစ်လုံး ထိုးရသည့် Pfizer နှင့် Moderna တို့၏ကာကွယ်ဆေးများနှင့်မတူဘဲ ဆေးတစ်လုံးသာ ထိုးနှံရမည်ဖြစ်ကာ ရေခဲသေတ္တာအပူချိန်တွင် သိုလှောင်ထားရှိနိုင်သဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လက်တွေ့အသုံးကျသည့် အားသာချက်များ ရှိနေသည်။
ထို့ပြင် မတ် ၁ ရက်၌ ကာကွယ်ဆေးသတင်းကောင်းတစ်ရပ်အဖြစ် Pfizer နှင့် AstraZeneca တို့၏ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအား ဗိုင်းရပ်စ်ကြောင့် ပြင်းထန်ဖျားနာမှုမှ ထိရောက်မှုမြင့်မားစွာကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်ရောက်နိုင်မှုမှ ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်ကြောင်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သည့် လေ့လာမှုတစ်ရပ်တွင် တွေ့ရှိခဲ့သည်။














