သတင်းထောက် ခါရှိုဂီအသတ်ခံရမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများထပ်မံလုပ်ဆောင်ရန် အမေရိကန်က ဆော်ဒီကို ဖိအားပေး

သတင်းထောက် ခါရှိုဂီအသတ်ခံရမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများထပ်မံလုပ်ဆောင်ရန် အမေရိကန်က ဆော်ဒီကို ဖိအားပေး
ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်တွင် ပြည်သူများကို နှုတ်ဆက်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ်(Photo:AFP)
ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်တွင် ပြည်သူများကို နှုတ်ဆက်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ်(Photo:AFP)
Published 2 March 2021
Ref: AFP

သတင်းထောက် ဂျမယ်ခါရှိုဂီ အသတ်ခံရမှုနှင့်စပ်လျဉ်း၍ နောက်ထပ်ဖြေရှင်း ဆောင်ရွက်မှုများလုပ်ဆောင်ရန် အမေရိကန်က ဆော်ဒီအာရေဗျကို မတ် ၁ ရက်တွင် ဖိအားပေးခဲ့သည်။

ဆော်ဒီအား ဖြေရှင်းဆောင်ရွက်ခိုင်းခြင်းသည် ခါရှိုဂီသတ်ဖြတ်ခံရမှုတွင် အဓိက လက်သည်ဟု စွပ်စွဲခံထားရသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မရှိဟူသော ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်က ဖိအားပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် သတင်းထောက်ခါရှို ဂီအား သတ်ဖြတ်ရန် အိမ်ရှေ့မင်းသား မိုဟာမက်က အတည်ပြုပေးခဲ့သည်ကို တွေ့ရှိထားသည့် ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Rapid Intervention Force ဌာနမှ အစ္စတန်ဘူသို့ လေကြောင်းခရီးဖြင့် ပျံသန်းထွက်ခွာလာခဲ့သည့် တိုက်ခိုက်ရေးအဖွဲ့ဝင် ၁၅ ဦးထဲမှ ခုနစ်ဦးသည် အိမ်ရှေ့မင်းသားကို ကာကွယ်ရန် ထွက်ခွာလာခြင်းဖြစ်သည်ဟု ပြောကြားထားသည်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

“အဲ့ဒီတိုက်ခိုက်ရေးအဖွဲ့ကို ဖျက်သိမ်းပစ်ဖို့၊ စည်းစနစ်ကျကျ ပြုပြင်ပြောင်းလဲဖို့၊ အစိုးရအဖွဲ့နဲ့ သဘောထားကွဲလွဲ ဆန့်ကျင်သူတွေကို နှိမ်နင်းတဲ့လုပ်ရပ်တွေ၊ စစ်ဆင်ရေးတွေကို အလုံးစုံရပ်ဆိုင်းဖို့ ဆော်ဒီကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့ ၂၈ လက သတင်းထောက် ခါရှိုဂီ  အညှာအတာမဲ့ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်မှုကို အများလက်သင့်ခံနိုင်လောက်တဲ့အထိ ဆောင်ရွက်ရခြင်းမရှိသေးတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် နတ်ပရိုက်စ်က ဆိုသည်။

ဘိုင်ဒင်၏အစိုးရအဖွဲ့က Rapid Intervention Force တပ်ဖွဲ့အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး အစိုးရနှင့် သဘောထားကွဲလွဲသူများအား နှိပ်စက်ညှဉ်းပန်းသော ပြည်ပတာဝန်ရှိသူများအား ဆန့်ကျင်ချမှတ်ထားသည့် မူဝါဒသစ်အရ ဆော်ဒီနိုင်ငံသား ၇၆ ဦးကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်။

ဆော်ဒီတာဝန်ရှိသူအချို့ကို အရေးယူ ပိတ်ဆို့မှုပြုလုပ်ထားသည့် အမေရိကန်သည် အဆိပ်ဖြင့် တိုက်ခိုက်ခံရသော ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီ၏ အမှုနှင့်စပ်လျဉ်း၍ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန်လည်း စီစဉ်နေကြောင်း CNN သတင်းဌာနက မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားအပေါ် မည်သည့်အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် လိုအပ်ကြောင်းနှင့် ပိတ်ဆို့မှုများ ချမှတ်ထားမည့် အချိန်ကာလတို့ကို စဉ်းစားဆုံးဖြတ်ရန် အမေရိကန်အစိုးရအဖွဲ့က ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည် ဖြစ်ကြောင်း အစိုးရအဖွဲ့တာဝန်ရှိ သူနှစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ CNN က ထုတ်ပြန်ခဲ့သည်။

အာရုံကြော ထိခိုက်ပျက်စီးစေသည့် အဆိပ်ဖြင့် တိုက်ခိုက်ခံရပြီးနောက် ဂျာမနီတွင် ဆေးကုသမှုခံယူနေချိန်တွင် ခံဝန်ကတိများ ချိုးဖောက်ခဲ့ကြောင်း စွဲချက်ဖြင့် နာဗာညီသည် ပြီးခဲ့သည့်လတွင် ထောင်ဒဏ်ချမှတ်ခံရသည်။ မကြာသေးမီရက်များအတွင်း နာဗာညီရှိသည့်နေရာကို ၎င်း၏မဟာမိတ်များက သိရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၆ ရက်မှသာ နာဗာညီအား နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းစခန်းသို့ ပို့ဆောင်ထားသည်ကို သိရှိခဲ့ရသည်။

Most Read

Most Recent