စာဆိုတစ်ဦး၏ ရုပ်ပုံလွှာ

စာဆိုတစ်ဦး၏ ရုပ်ပုံလွှာ
Published 11 February 2021
မောင်ကြည်

ကျွန်တော်သည် ဒေါက်တာခင်မျိုးဟန် ရေးသားပြုစုသည့် “စာဆိုဖေဖေဇော်ဂျီ”စာအုပ်ကိုဖတ်ကြည့်မိသည်။ ထိုအခါ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီနှင့် ပတ်သက်ပြီး ကျွန်တော်တို့ မသိရသေးသည့် ဆရာ၏ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍများကို ပိုမိုသိခွင့်ရလိုက်ပါသည်။ သို့အတွက် ယခုစာအုပ်သည် မြန်မာစာပေလောကအတွက် အကျိုးကျေးဇူးများလှသည်ဟုဆိုချင်ပါသည်။ ယခင်ကဆိုလျှင် ဆရာဇော်ဂျီအကြောင်းကို ဆရာ့စာများမှ တစ်ဆင့်၊ ဆရာနှင့် သိကျွမ်းခင်မင်သူများ ပြန်ရေးသားကြသည့် စာများမှတစ်ဆင့်သာ သိခွင့်ရပါသည်။ ယခုဤစာအုပ်ကြောင့် ဆရာ၏စရိုက်သဘာဝများကို ပိုပြီးစုံစုံလင်လင် သိခွင့်ရလာသည်ဟု ဆိုရပေတော့မည်။

ဆရာဇော်ဂျီသည် သူ့ပုဂ္ဂိုလ်ရေးကိစ္စများကို သူ့စာများတွင် ထည့်ရေးခဲပါသည်။ ရေးလျှင်လည်း စာဖတ်သူများအကျိုးရလောက်သည့် အပိုင်းများကိုသာ ထည့်သွင်းရေးသားလေ့ရှိပါသည်။ ပြောရလျှင် ဆရာသည် ပုဂ္ဂလဓိဋ္ဌာန်ကို ဓမ္မဓိဋ္ဌာန် အသွင်ပြောင်းကာ ရေးတတ်သူမျိုးဖြစ်ပါသည်။ ထို့ကြောင့် ဆရာ့အကြောင်းများကို ဆရာ့စာထဲမှာ ရှာတွေ့နိုင်ဖို့ရာမလွယ်ကူပါ။ ထိုအခါ ကျွန်တော်သည် ဆရာ့စာများကို ဖတ်ရင်း ဆရာ့စိတ်ကို ခန့်မှန်းတွက်ဆကြည့်ရသည်။ ဆရာဇော်ဂျီရေးသည့် စာထဲမှတစ်ဆင့် ဆရာ၏ ပုံရိပ်ကို ရော်ရမ်းမှန်းဆ ကြည့်ရသလောက်  ဆရာသည် အေးဆေးသိမ်မွေ့သူ၊ ရိုးသားပြီး ဉာဏ်ပညာမြင့်မားသူ၊ အရာရာကိုအသင့်အတင့် နှလုံးသွင်းကာ ဆင်ခြင်တိုင်းထွာတတ်သူ၊ ပညာရှိသူတော်ကောင်းဆန်သူစသည့် လက္ခဏာများရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ယခုဆရာ့သမီးကြီးဖြစ်သူ ဒေါက်တာခင်မျိုးဟန်၏ “စာဆိုဖေဖေဇော်ဂျီ”ကို ဖတ်လိုက်သည့်အခါမှာတော့ ကျွန်တော်၏ ထင်မြင်ယူဆချက်များ သိသိသာသာ မကွဲပြားဘဲ တစ်ထပ်တည်းတူနေကြောင်းတွေ့လိုက်ရပါသည်။ ထို့ကြောင့် ဆရာဇော်ဂျီသည် လူနှင့်စာ၊ စာနှင့်လူတစ်ထပ်တည်းတူညီအောင် နေထိုင်ခဲ့သူပါလားဟု မှတ်ချက်ချမိပါသည်။

ဆရာဇော်ဂျီသည် ငယ်စဉ်ကတည်းက ဇာတ်ရုပ်သေးကြည့်ရှုရသည်ကို ၀ါသနာပါခဲ့သည်။ သူနေထိုင်ရာဖျာပုံမြို့ထဲရှိ “နန်းတွင်း ရာမဇာတ်”ကို ကြည့်လေ့ရှိသလို သူ့မြို့သို့လာကတတ်သည့် “ဦးဖူးညို၏ ရုပ်သေးစင်တော်ကြီး”ကိုလည်း သွားရောက် အားပေးလေ့ရှိသည်။ ထိုအချက်သည် နောင်တစ်ချိန် ဆရာရေးမည့် ရာမသုတေသနဆောင်းပါးများနှင့် ဇာတ်သဘင် အကအနုပညာဝေဖန်ရေးအတွက် ကြီးစွာသော အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။ ထို့ပြင် ဆရာ၏မိခင်ဘက် မှတော်စပ်သော အဘိုးဖြစ်သူရွတ်ဆိုပြသည့်  စာကဗျာများကလည်း ဆရာ့ကိုစာရေးစာဖတ် ၀ါသနာပါလာအောင် ဆွဲဆောင်နိုင်ခဲ့သည် ဟုဆိုရပေမည်။

ထိုအချိန်မှစပြီး နောင်တစ်ချိန် အမျိုးသားစာဆို ဖြစ်လာမည့် ဇော်ဂျီလောင်းလျာကလေးသည် အားကစားထက် စာကဗျာဘက်ကို ပိုပြီးအာရုံတိမ်းညွတ်လာခဲ့ပါသည်။ ထို့နောက် သူအစိုးရတန်းမြင့်ကျောင်းပြီးသောအခါ သူ့ဖခင်လုပ်စေချင်သည့် ဝန်ထမ်းမလုပ်ဘဲ ပညာဆက်လက်သင်ယူကာ သူဝါသနာပါသည့် စာပေလေ့လာလိုက်စားမှုဘက်သို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပါသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဆရာဇော်ဂျီသည် မိမိ၏ဝါသနာဗီဇကိုလေးစားလိုက်နာကာ ရဲရဲရင့်ရင့်ဆုံးဖြတ်တတ်သူမျိုး ဟုဆိုချင်ပါသည်။

ဆရာဇော်ဂျီ၏ အိမ်ထောင်ရေးကို လေ့လာကြည့်သည့် အခါတွင်လည်း တစ်သက်မှာ တစ်ချစ်ဆိုသလို သူ၏ ဇနီးလောင်းဖြစ်လာမည့် ချစ်သူမိန်းကလေးကို ၁၀ နှစ် ၁၀ မိုး သစ္စာစောင့်သိကာ လေးစားမြတ်နိုးတန်ဖိုးထားသူ ဖြစ်ကြောင်း တွေ့ရပါသည်။ ထိုအချက်ကလည်း တည်ကြည်လေးနက်သော ယောက်ျားကောင်းတို့မှာ တွေ့ရတတ်သည့် ဂုဏ်အရည်အချင်းပင် မဟုတ်ပါလား။ အိမ်ထောင်ပြုပြီးနောက်လည်း ဆရာသည် သူ၏ဇနီးဖြစ်သူကို ရိုးမြေကျပေါင်းသင်းကာ အိမ်ထောင်တစ်ခုကို မယိမ်းမယိုင်စေဘဲ ကျောက်စာတိုင်လို ခိုင်မြဲစေခဲ့ပါသည်။ ( ဆရာဇော်ဂျီ ကိုယ်တိုင်ကလည်း သူယခုလိုစိတ်အေးလက်အေး စာကောင်းကောင်းရေးနိုင်ခြင်းသည် ဇနီးဖြစ်သူ၏ အကူအညီအထောက်အပံ့ရသောကြောင့်ဟု ဖွင့်ဟဝန်ခံဖူးပါသည်။ ) ထို့ ပြင် ဆရာဇော်ဂျီသည် သမီးသုံးယောက် အပေါ်မှာလည်း ဖခင်ကောင်းပီသခဲ့သည်ဟုဆိုချင်ပါသည်။ သမီးများကိုငယ်စဉ်မှစ၍ အရွယ်ရောက် ကြီးပြင်းလာသည့်အထိ ပြောတတ်၊ ဆိုတတ်၊ နေတတ်၊ ထိုင်တတ်၊ စားတတ်၊ သောက်တတ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ကျောင်းစာဗဟုသုတသာမကအနုပညာဆိုင်ရာ အဆိုအကအတီးများကိုပင်  လေ့ကျင့်သင်ကြားစေခဲ့သည်ဟု ဆိုပါသည်။ ထို့ပြင် သမီးများကို အမျိုးအဆွေများနှင့် ခင်မင်ရင်းနှီးအောင် ဆရာ့ဇာတိဖျာပုံမြို့သို့ ကျောင်းပိတ်ရက်တိုင်းအလည်ခေါ်သွားတတ်သေးသည်။ ထိုအချက်နှင့် ပတ်သက်ပြီး ဒေါက်တာခင်မျိုးဟန်က “ယခုအချိန် ပြန်တွေးကြည့်မှ ကျွန်မတို့ကို ဘယ်ဘဝရောက်ရောက် ဘယ်အဆင့်အတန်းနှင့်ပင် ကြုံကြုံ အလိုက်အထိုက်နေတတ်စေရန် ငယ်စဉ်ကပင် လေ့ကျင့်ပေးခဲ့ခြင်းပေလားဟု ထင်မြင်တွေးဆမိသည်” ဟုရေးပြခဲ့ပါသည်။ ထို့ကြောင့် ဆရာဇော်ဂျီသည် ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် လည်း ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

ဆရာဇော်ဂျီ၏ စရိုက်သဘာဝများထဲမှာ အလိုလောဘနည်းနည်းနှင့် တင်းတိမ်ရောင့်ရဲစွာနေတတ်မှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထမင်းစားရာတွင် တစ်ပန်းကန်ထက် ပိုမစားဘဲ ဆင်ခြင်တိုင်းထွာချင့်ချိန်ပြီး စားတတ်ခြင်း၊ ရာထူးစည်းစိမ်ကိုမမက်မောဘဲ သံအမတ်ရာထူးကိုပင် ငြင်းဆန်ခဲ့ဖူးခြင်း၊ တွေးခေါ်ကြံစည် ရေးသားရာမှာပင် အလောတကြီးမနိုင်ဘဲ စောင့်စည်းတတ်ခြင်းစသည့် အပြုအမူများသည် အလိုလောဘကို သတိဖြင့် ထိန်းချုပ်တတ်သော ဆရာဇော်ဂျီ၏ အရည်အချင်းများ ဖြစ်ပါသည်။ ဆရာသည် သူ့ဘဝတစ်လျှောက်လုံး ထိုကဲ့သို့ ကျင့်ကြံနေထိုင်ခြင်းဖြင့် သူ့ပတ်ဝန်းကျင်ရှိ သားသမီးများ၊ တပည့်များ၊ မိတ်ဆွေများကို စံနမူနာကောင်းများ မသိမသာ ပြသခဲ့သည်ဟုလည်း ထင်မိပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်ဖြစ်သော ဆရာဇော်ဂျီသည် လူမြင်သူမြင် ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းမရှိသော်လည်း သူ့အတွင်းသန္တာန်ထဲမှာ တရားအသိကိန်းနေကြောင်းကို သူ၏ ပြောပုံဆိုပုံ ပြုမူကျင့်ကြံပုံများဖြင့် သိသာထင်ရှားစေခဲ့သူလည်း ဖြစ်ပါသည်။ တစ်ခါတော့ ဆရာတက္ကသိုလ်မင်းမော်က “ဆရာအားတဲ့အခါ တရားထိုင်သလား”ဟုမေးရာ “ဆရာကဗျာစပ်ဖို့ စဉ်းစားနေတာတွေ၊ ကဗျာစပ်နေတာတွေဟာ တရားထိုင် နေတာပဲပေါ့ကွ” ဟု ပြန်ဖြေဖူးသတဲ့။ ထို့ကြောင့် ဆရာဇော်ဂျီသည် တရားကိုပါးစပ်ပြောမဟုတ်ဘဲ လက်တွေ့ကျင့်ကြံနေထိုင်သူ ဟုဆိုချင်ပါသည်။

ထို့ပြင် ဆရာဇော်ဂျီ၌ သည်းခံစိတ်ရှိပုံကိုလည်း ဤစာအုပ်တစ်နေရာတွင် ဖတ်လိုက်ရပါသေးသည်။ ဆရာဇော်ဂျီသည်လည်းလောကီလူသားပေမို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများနှင့် မလွတ်ကင်းခဲ့ပါ။ အထူးသဖြင့် သူ့စာများအပေါ် တိုက်ခိုက်ဝေဖန်မှုများကိုဆရာဇော်ဂျီ ပြန်လည်တုံ့ပြန်ပုံကလည်း အားကျအတုယူဖွယ်ပင်။  ကမ္ဘာအေးကုန်းမြေမှာကျင်းပသည့် စာပေညီလာခံတွင် ရန်ကုန်ဘဆွေက ဆရာ၏ “ဗေဒါလမ်း”ကဗျာများကို ပြင်းပြင်းထန်ထန်ဝေဖန်ပါသည်။ ထိုအခါ ဆရာဇော်ဂျီသည် ပြန်လည်မဖြေရှင်းဘဲ ပြုံး၍သာနေခဲ့ သည်ဟုဆိုပါသည်။ ( သို့သော် ထိုပွဲမှာရှိသည့် ဆရာမင်းယုဝေက ဗေဒါလမ်းကဗျာများ၏ အနှစ်သာရအကြောင်း ပြန်လည်ရှင်းပြခဲ့ပါသည်။ ) ထို့အတူ စာတမ်းဖတ်ပွဲတစ်ခုတွင်လည်း ဆရာဇော်ဂျီက “၂၀ ရာစုခေတ်ဦး မြန်မာစာပေ၏ ထူးခြားချက်နှစ်ရပ်” စာတမ်းကို ဖတ်ကြားရာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “စာတမ်းအင်္ဂါနှင့်မညီဘဲ တိုလွန်းကြောင်း၊ အကြောင်းအရာတို့သည်လည်းမဆီ လျော်ကြောင်း”အဖျက်သဘောဝေဖန်နှိမ့်ချကာပြောဆိုခဲ့သည်ဟု သိရပါသည်။ ထိုအခါ ဆရာဇော်ဂျီသည် အံ့သြဟန်လည်းမပြ၊ ဒေါသလည်းမဖြစ်ဟုဆိုပါသည်။ ထို့နောက် စာတမ်းဖတ်ပွဲအပြီး သဘာပတိမိန့်ခွန်းပြော သည့်အခါမှ ဆရာဇော်ဂျီသည် ဗုဒ္ဓမြတ်စွာနှင့်ဘာရဒွါဇ ပုဏ္ဏားကြီးကိုဥပမာပေးကာ “ယခု ဒေါက်တာသန်းထွန်း၏ ပြစ်တင်နှိမ့်ချချက်များကို ကျွန်တော် လက်မခံပါ၊ ပြစ်တင်ရှုတ် ချသူဒေါက်တာသန်းထွန်းပင် သူ၏ ပြောဆိုချက်များကို ပြန်ယူသွားပါ” ဟူ၍ လေအေးအေးဖြင့် ပြန်လည််ပြောဆိုလိုက်ပါသတဲ့။(ဒေါက်တာခင်မျိုးဟန်၏ စာအုပ်ထဲမှာပါသည့်အတိုင်း ပြန်ရေးပြခြင်းဖြစ်ပါသည်။) အထက်ပါ အပြုအမူများကြောင့် ဆရာဇော်ဂျီသည် စိတ်သဘောထားကြီးကြီးနှင့် အသင့်အတင့် နှလုံးသွင်းကာသည်းခံတတ်သူဟု ကောက်ချက်ချမိပါသည်။

ရပ်သိရွာသိ တစ်နိုင်ငံလုံးသိကြသည့်အတိုင်း ဆရာဇော်ဂျီသည် မြန်မာနိုင်ငံ၏ အမျိုးသားစာဆိုကြီးဖြစ်ပါသည်။ သူ့ဘဝတစ်သက်တာလုံးနိုင်ငံနှင့် လူမျိုး၏အကျိုးကို စာပေဖြင့် သယ်ပိုးခဲ့သူ ဖြစ်ပါသည်။ ယခုအခါမှာတော့ “စာဆိုဖေဖေဇော်ဂျီ”စာအုပ်၏ ကျေးဇူးကြောင့် အဆိုပါစာဆိုကြီး၏ ဘဝရုပ်ပုံလွှာကို ယခင်ထက်ပို၍ ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်ခွင့်ရလိုက်ပါပြီ။ ဒါသည်ပင် မြန်မာစာပေလောကအတွက် အကျိုးအမြတ် တစ်ခုဟုထင်မြင်ယူဆမိပါသည်။   ။

ကိုးကား - ဒေါက်တာခင်မျိုးဟန်

           - စာဆိုဖေဖေဇော်ဂျီ

Most Read

Most Recent