ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာနတွင် ဆရာဝန်၊ သူနာပြုအင်အား နည်းပါးနေ၍ လူနာအသစ်ကြည့်ရှုခြင်းကို တစ်နေ့လျှင် ၁၀ ဦးသာလက်ခံမည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာနတွင် ဆရာဝန်၊ သူနာပြုအင်အား နည်းပါးနေ၍ လူနာအသစ်ကြည့်ရှုခြင်းကို တစ်နေ့လျှင် ၁၀ ဦးသာလက်ခံမည်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်
Published 6 February 2021
အိသဉ္ဇာကျော်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာနတွင် ဆရာဝန်၊သူနာပြုအင်အားနည်းပါးနေ၍ လူနာအသစ် ကြည့်ရှုခြင်းကို တစ်နေ့လျှင် ၁၀ ဦးသာ လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းထုတ်ပြန်ချက်တွင် ယခုအချိန်တွင် ဆရာဝန်အင်အားနည်းပါးနေခြင်း၊ ဆရာမအင်အား နည်းပါးနေခြင်းများကြောင့် ကင်ဆာဆေးသွင်းခြင်းဆောင်ရွက်မှုများကို သင့်လျော်သလို စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လူနာအသစ်ကြည့်ရှုခြင်းကို တစ်ရက်လျှင် ၁၀ ဦးသာလက်ခံမည်ဖြစ်ကြောင်း နှင့် လချိန်းလူနာ Follow Up များ ကြည့်ရှုခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာနအနေဖြင့် COVID-19 ဖြစ်ပွားစဉ်ကာလကတည်းက လူနာအသစ်များကို တစ်ရက်လျှင် ၂၀ ဦးသာ လက်ခံကြည့်ရှုပေးလျက်ရှိပြီး ကင်ဆာဆေးသွင်း မည့်လူနာများကို တစ်ရက်လျှင် ၅၀ သာ နံနက် ၈ နာရီမှ ၁၂ နာရီအတွင်း လက်ခံကြည့်ရှုလျက်ရှိကြောင်းနှင့် တစ်ပတ်ကြိုတင် ရက်ချိန်းယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေးလချိန်းလူနာ Follow Up ကြည့်ရှုခြင်းကို အရေးပေါ်အခြေအနေမဟုတ်ပါက ပြန်လည်ကြည့်ရှုမည့်ရက်များ သတ်မှတ်ကာ အကြောင်းကြားပြီး ကုသပေးလျက်ရှိကြောင်းသိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ‘တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း မိသားစုစီမံချက်’ ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ စီမံချက်၏ ရည်ရွယ်ချက်မှာ မိမိ မိသားစုအဆင့်မှစ၍ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပေး ၊သတိပေးပြောကြားခြင်းအားဖြင့် အဖွဲ့အစည်း၊ ဌာနများ၊ လူမှုပတ်ဝန်းကျင်တို့သို့ ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းများ အဆင့်ဆင့်ပျံ့နှံ့ရောက်ရှိကာ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး ပျံ့နှံ့လွှမ်းခြုံမှုနှင့် ပြည်သူ အားလုံး၏ အမူအကျင့်ပြောင်းလဲလာမှုတို့ဖြင့် COVID-19 ရောဂါအမြန်ဆုံးကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

စီမံချက်ဆောင်ရွက်နေသည့်ပုံစံမှာ ပြည်ထောင်စုဝန်ကြီးရုံးများနှင့် ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ပရဟိတ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အစရှိသည့် ဌာန၊အဖွဲ့အစည်းများ၏ ဝန်ထမ်းများသည် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများကို ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးပြောကြားရမည့်အချက်များတွင် ပါဝင်သည့် အချက်ရှစ်ချက်အား မျှဝေပြောကြားရမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါ အစု (Entity) များသည် အဖွဲ့အစည်းတစ်ခုခု၏ အဖွဲ့ဝင်များဖြစ်ပါက ယင်းအဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များသို့ အဆိုပါအချက်များကို အသိပေးခြင်း၊ လိုက်နာမှုမရှိပါက သတိပေးခြင်းတို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာနှင့် အင်တာနက်စာမျက်နှာများကို မပြတ်ကြည့်ရှုလေ့လာစေရန် သတိပေးခြင်းတို့ကို ပြည်သူတစ်ဦး၏ တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါမှာ ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘဲ ကိုယ်ဖြစ်ပါက မိမိ၏ အနီးဝန်းကျင်ရှိ လူများအား ကူးစက်နိုင်သည်ဆိုသည့်အချက်ကို ပြည်သူအားလုံး၊ မိသားစုဝင်အားလုံးသိရှိနားလည်ရန်အရေးကြီး ကြောင်းနှင့် တစ်ဦးမှအများသို့ ရောဂါမကူးစက်စေရေးအတွက် အချင်းချင်းအသိပေး ၊ သတိပေး ပြောကြားခြင်းအားဖြင့် COVID-19 ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

Most Read

Most Recent