ကုက္ကိုပင်အကြောင်း

ကုက္ကိုပင်အကြောင်း
Published 2 January 2018

Photo: PlantWerkz

(၁)
ကျွန်တော် ငယ်ငယ်တုန်းက အိမ်ရှေ့မှာ ရှိခဲ့ဖူးတဲ့ ကုက္ကိုပင်ကြီး အကြောင်းကို ထူးထူးဆန်းဆန်း တွေးမိနေတယ်။ ကုက္ကိုပင်ကြီးတစ်ပင်အကြောင်းဆိုလို့လည်း တကူးတက တွေးယူနေရလောက်အောင် ဘာများထူးခြားလို့လဲဆိုပြီး ပြောချင် ပြောလို့ရသေးတာပေါ့။ ဒါပေမဲ့ ကုက္ကိုပင်အကြောင်းဆိုတာ ကုက္ကိုပင်ကြီးတစ်ပင် အကြောင်းချည်းပဲမှ မဟုတ်တာ။ အဲဒီတုန်းက ငယ်ဘဝပုံ ရိပ်တွေရော အရင်က ရှိခဲ့ဖူးတဲ့ ရိုးသားမှု မျက်နှာတွေနဲ့ တချို့တချို့ရဲ့ မရိုးသားခဲ့တဲ့စိတ်တွေ၊ အဲဒီအချိန်တုန်းက အေးချမ်းနေမှုကို ဖျောက်ပစ်ခဲ့ကြတဲ့ မတည်ငြိမ်ခဲ့တဲ့ ပုံရိပ်အငွေ့အသက်တွေကိုပါ ဆက်စပ်တွေးမိနေခဲ့တာလေ။ အဲဒီခေတ်တုန်းက ကုက္ကိုပင်ကြီးရဲ့ အမြစ်တွေနဲ့အတူ ကြွင်းကျန်နေရစ်ခဲ့တဲ့ ဘာမှမသိသေးတဲ့ ကျွန်တော်တို့ ကလေးဘဝတွေလည်း ပါချင်ပါမှာပေါ့။ အဲဒီတုန်းက အတူရှိနေခဲ့ဖူးတဲ့ ချစ်ခင်သူတွေလည်းပါမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးကို ကုက္ကိုပင်ကြီးနဲ့အတူ တွဲလျက်ပြန်မြင်ရပြန် သတိရနေမိတာကိုး။ ကုက္ကိုပင်ကြီး ကိုယ်တိုင်ကလည်း တချို့အကြောင်းအရာတွေကို သက်သေအဖြစ် မှတ်ထားသလို သမိုင်းတစ်လျှောက် သူလည်းအဓိက ဇာတ်ဆောင်အနေနဲ့ ဖြတ်သန်းပါဝင်ခဲ့တာပဲ မဟုတ်လား။ အခုဆိုရင် ကျွန်တော်တို့အနီးအနား ပတ်ဝန်းကျင်မှာ အရင်တုန်းက ချစ်သူခင်သူတွေနဲ့လည်း တစ်စစဝေးကွာ၊ တချို့လည်း လောကထဲက ထွက်ခွာသွားကြ၊ ပင်စည်တုတ်တုတ်ခိုင်ခိုင်နဲ့ အမှတ်တရ အဖြစ်အပျက် အားလုံးကို သိမ်းဆည်းထားတတ်တဲ့ ကုက္ကိုပင်အကြီးကြီးတွေတောင် မတွေ့ရတော့တာ ကြာပါပြီ။

ကြာခဲ့ပါပြီ။ ကျွန်တော်တို့ အိမ်ရှေ့က ကုက္ကိုပင်ကြီးလည်း အခုဆို မရှိတော့ဘူးပေါ့။ အဲဒီတုန်းကဆိုရင် အိမ်ရှေ့က ကုက္ကိုပင်ကြီးကို ဘာကြောင့် ခုတ်လှဲချပစ်တာလဲဆိုတဲ့ ကလေးဘဝက အတွေးဟာ အခုထိ မပျောက်သေးပါဘူး။ ကုက္ကိုပင်ရဲ့ ကိုင်းတွေဟာ ကြွပ်ဆတ်လွယ်လို့လား၊ လမ်းတွေချဲ့ဖို့ မလွတ်လို့လားဆိုပြန်တော့လည်း ကုက္ကိုပင်ကြီးသာ ပျောက်သွားတယ်၊ အိမ်ရှေ့က လမ်းမကြီးဟာ ချိုင့်တွေခွက်တွေနဲ့ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ကုက္ကိုပင်ဆိုတာ ထင်းဖြစ်ရုံကလွဲ ကျန်တာအသုံးမဝင်ဘူးဆိုရင်တောင် သစ်ပင်တစ်ပင်ရဲ့ အရိုးသားဆုံးနဲ့ အခြေခံအကျဆုံး တန်ဖိုးအတိုင်း သဘာဝဘေးဒဏ်တွေရဲ့ အတားအဆီး၊ ရာသီဥတုရဲ့ အကောင်းဆုံးအဖော်၊ အရွယ်ကြီးရင် ကြီးမားသလောက် အရိပ်တော့ ကောင်းကောင်းရစေတာပဲ မဟုတ်လား။ နောက်ပြီး ကုက္ကိုပင်တွေက ရှင်သန်ခဲ့ရာ သက်တမ်းအလိုက် သမိုင်းတစ်လျှောက် ကြုံတွေခဲ့ရတဲ့ နာကျည်းစရာ အဖြစ်အပျက်တွေ ဒဏ်ရာဒဏ်ချက်တွေကို သူ့ကိုယ်ပေါ်မှာ ရေးထိုးမှတ်တမ်းတင်ထား တတ်သေးတာလေ။ အတိတ်က ဒဏ်ရာတွေအတွက် အကောင်းဆုံး သက်သေခံနံရံတွေလည်း ဖြစ်နေသေးတာပေါ့။ ကုက္ကိုပင်ကြီးမှာ အမိန့်ကြော်ငြာစာတွေ ကပ်ခဲ့ကြတယ်။ ကုက္ကိုပင်ရဲ့ပင်စည်မှာ သမိုင်းကျည်ဆန် ထိမှန်ခဲ့တဲ့ ဒဏ်ရာတွေ ရှိခဲ့ရတယ်။ ကုက္ကိုပင်ရဲ့ပင်စည်မှာ စွန်းနေတဲ့သွေးတွေဟာ ဘယ်လောက်အချိန်ကြာကြာ မပျောက်နိုင်သလိုမျိုး နောင်တစ်ချိန်ကျရင် ကုက္ကိုပင်ကြီး ပြောပြမယ့် အတွေ့အကြုံတွေကလည်း အံ့အားသင့်စရာ ဖြစ်နေတော့မှာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အိမ်ရှေ့က ကုက္ကိုပင်ကြီးကတော့ အခုမရှိတော့ပါဘူး။ အဲဒီအကြောင်းတွေကို ပြောပြပေးနိုင်မှာလည်း မဟုတ်တော့ဘူး။ ကုက္ကိုပင်တွေ လိုက်ခုတ်တာ ဒါတွေကြောင့်ပဲလားဆိုပြီးတော့ ပေါက်ပေါက်ရှာရှာ တွေးမယ်ဆိုလည်း ဖြစ်တာပေါ့လေ။ ဒါမှမဟုတ်လည်း နောက်ဆုံး ယတြာချေတာမျိုးပဲဖြစ်ဖြစ် မီးသွေးဖုတ်ဖို့ပဲဖြစ်ဖြစ်ပေါ့။

(၂)
ကုက္ကိုပင်ကို ကိုယ့်ဘဝတစ်သက်မှာ အကြီးဆုံး ဘယ်လောက်အရွယ်အစားအထိ ကြုံခဲ့ဖူးကြလဲမသိဘူးလို့ ကျွန်တော် မေးချင်မိတယ်။ ဓာတ်ပုံတွေ ဘာတွေထဲမှာတော့ နှစ်ရာချီတဲ့ ကုက္ကိုပင်တွေ နောက်ပြီးတချို့အရပ်တွေမှာလည်း အံ့သြစရာကောင်းအောင် ကြီးမားပြီး အရိပ်ကောင်းကောင်းရတတ်တဲ့ ကုက္ကိုပင်တွေကို အတန်းလိုက်ကြီး တွေ့မြင်ဖူးကြပါလိမ့်မယ်။ ကျွန်တော် ပြောလိုတာက အဲဒီလို ဓာတ်ပုံတွေမှာလိုမျိုး လျှပ်တစ်ပြက် မြင်ခဲ့ဖူးတာမျိုးမဟုတ်ဘဲ နေ့စဉ်နဲ့အမျှ ကုက္ကိုပင်တစ်ပင်နဲ့ ပတ်သက်ဆက်နွှယ်ပြီး နေထိုင်လာခဲ့ရတာမျိုးကို ဆိုလိုတာပါ။ အဲဒါကလည်း ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ ကုက္ကိုပင်ကြီးကြီး တစ်ပင်ရှိမှသာ ပြောလို့ရမှာဆိုတော့ မြင်ဖူးရုံလောက်နဲ့တော့ ဒီမေးခွန်းရဲ့ အဖြေအတွက် အကျုံးမဝင်ပါဘူး။ ကဲ ထားပါ။ ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့ အိမ်ရှေ့က ကုက္ကိုပင်ကြီးအကြောင်း ပြောပြပါ့မယ်။ သိပ်အထူးအဆန်းကြီးတွေတော့လည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ မြေပေါ်မှာ ကျဲပြန့်နေတတ်တဲ့ ကုက္ကိုရွက်ကြွေတွေ နတ်သမီးလေးတွေ နတ်သက်ကြွေလာတယ်လို့ ကလေးတွေ ပြောကြတဲ့ ကုက္ကိုပွင့် အဆန်တွေနဲ့ ငယ်ငယ်တုန်းက အစေ့ထုတ်ပြီး လှော်စားခဲ့ဖူးတဲ့ စေးကပ်နေတဲ့ ကုက္ကိုသီးရဲ့ အကြောင်းပဲဖြစ်ဖြစ်ပေါ့။ အဝေးပြေးကားလမ်းမပေါ် ကားဘီးကြိတ်သွားလို့ ကတ္တရာလမ်းမနဲ့ တစ်သားတည်း ဖြစ်သွားတတ်တဲ့ ကုက္ကိုစေ့ကလေးတွေ အကြောင်းလည်း ပါချင်ပါမှာပါပဲ။ ဒါပေမဲ့ အလွမ်းဆိုလည်း အလွမ်းအလျောက် ဟိုးအရင်က ပုံရိပ်တွေက တရိပ်ရိပ် ထင်ဟပ်နေလိမ့်မယ်ဆိုတာတော့ အသေအချာ ပြောနိုင်ပါလိမ့်မယ်။ ဒါဆို ကျွန်တော်တို့ ဆက်သွားလို့ရပါပြီ။

ကျွန်တော်တို့ အိမ်ရှေ့မှာရှိဖူးတဲ့ ကုက္ကိုပင်ကြီးက ဓာတ်ပုံတွေထဲမှာ မြင်ရတတ်သလိုမျိုး တုတ်ခိုင်ကြီးမား ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်းနေလောက်အောင် တော်တော်ကြီးကို ကြီးမားပါတယ်။ အိမ်ခြံဝင်းထဲ မဟုတ်ပေမယ့် အိမ်ရှေ့တည့်တည့် လမ်းဘေးမှာ ပေါက်နေတာဆိုတော့ ကျွန်တော်တို့ အိမ်က အပင်လိုလိုဖြစ်နေ၊ သူများတွေကလည်း ဒီအိမ်က ကုက္ကိုပင်ကြီးလို့သာ ခေါ်ဝေါ်သုံးနှုန်းတာတော့ ရှိတာပေါ့။ မိုးတွင်းဆိုလည်း မိုးရိုက်လို့ ကျလာတဲ့ သစ်ကိုင်းသစ်ရွက်တွေနဲ့ ရှုပ်ပွနေတတ်ပြီး မိုးကုန်ပြီးလို့ ဆောင်းတွင်း၊ နွေရာသီတွေ ရောက်ပြန်တော့လည်း အိမ်ရှေ့ကွက်လပ်ကျယ်ကြီးထဲမှာ ကုက္ကိုပင်က ကျလာတဲ့ ရွက်ခြောက်တွေ ကုက္ကိုသီးအကြွေတွေကို ညနေတိုင်း တံမြက်စည်းတစ်ချောင်းနဲ့ လှည်းပြီး မီးရှို့ပစ်ရတတ်ပြန်တယ်။ ဒါပေမဲ့ အဲဒီချိန်တွေတုန်းက ကျွန်တော်တို့ ဘဝတွေဟာ အတန်အသင့် တည်ငြိမ်အေးဆေးနေသေးတာပေါ့။ ဘေးပတ်ဝန်းကျင် အနီးအနားက လူတွေ ခရီးသွားဟန်လွဲ ရောက်လာတတ်တဲ့ လူတွေအတွက်လည်း အမောပြေ နားခိုစရာတစ်ခု ဖြစ်နေတဲ့အတွက် ဒီအပင်ကြီးရှိနေတာကို အားလုံးက ကျေနပ်ပျော်ရွှင်ကြတယ်။ ဆိုတော့ ကျွန်တော်တို့အိမ်ရှေ့ နေရာလေးမှ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်အိမ်တွေအထိ အရိပ်ကျပြီး အေးမြနေစေတတ်တဲ့ အုံ့အုံ့ညို့ညို့ ကုက္ကိုပင်အကြီးကြီးပေါ့။ ကျွန်တော်တို့ အိမ်နဲ့အတူ ဘေးနားက အိမ်လေးငါးအိမ်ရှေ့က မြေကွက်လပ်ကြီးမှာ ထီးထီးကြီး ရှိနေတာကြောင့် ဒီကုက္ကိုပင်ကြီးဟာ ကျွန်တော်တို့အတွက်တော့ ကံတရားကပေးတဲ့ အရိပ်အာဝါသကြီး တစ်ခုလိုပဲ။ သူ့လုံးပတ်က တော်တော်လေးကြီးသလို အပင်ကလည်း ခပ်မြင့်မြင့် အကိုင်းအခက်တွေကလည်း ပြန့်ကားနေပါသေးတယ်။ နွေရာသီ နေ့လယ်နေ့ခင်းတွေမှာတောင် အေးမြနေတတ်တဲ့ ကျွန်တော်တို့ အိမ်ရှေ့က ကုက္ကိုပင်အောက် ကျွန်တော်လည်း အခုချက်ချင်း စိတ်နဲ့တစ်ခေါက် ပြန်ရောက်သွား ဖြစ်ပါတော့တယ်။

(၃)
အဲဒီတုန်းက ကုက္ကိုပင်ရဲ့ ပင်စည်ကြီးမှာ ဝါးလုံးတွေစီပြီး အမြဲထောင်ထားတတ်တယ်။ ပတ်ပတ်လည် အပြည့်တော့ မဟုတ်ပေမယ့် တစ်ခြမ်းတည်းမှာ အထပ်ထပ် ထောင်ထားတာမျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဘေးအိမ်က ဝါးလုံးရောင်းတဲ့ အိမ်တစ်အိမ်လေ။ သူတို့အိမ်နဲ့ ကပ်လျက် ဝါးလုံးထားတဲ့ တဲကြီးမှာ ထပ်ပုံလို့မရတော့တဲ့ ဝါးလုံးအကြီးကြီးတွေ အလွယ်ရောင်းလို့ရတဲ့ အဝတ်တန်းလုပ်တဲ့ ငါးမတ်လုံးလောက်ရှိတဲ့ ဝါးတွေကို သူ့အမျိုးအစားနဲ့သူ နည်းနည်းစီ ထောင်ထားတာပေါ့။ သူတို့အတွက် ရောင်းချဖို့ အလွယ်တကူဖြစ်အောင် လုပ်ထားတာဆိုပေမယ့် ကျွန်တော်တို့ ကလေးတွေကလည်း အဲဒီလို ကုက္ကိုပင်စည်ကြီးမှာ ဝါးလုံးတွေ ထောင်ထားတာကို အရမ်းသဘောကျကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညဦးပိုင်း ကျွန်တော်တို့ ကစားတဲ့အခါ အဲဒီကုက္ကိုပင်ကြီးမှာ ထောင်ထားတဲ့ ဝါးလုံးအုံကြီးကို ချဲပြီး ဝင်ပုန်းစရာနေရာ တစ်ခုရသလို ဖြစ်နေတာကိုး။

ကုက္ကိုပင်ကြီးအကြောင်း ဆက်ပြောရရင် ကျွန်တော်တို့နယ်ဘက်တွေမှာက မိုးတွင်း မိုးရွာပြီဟေ့ဆိုရင်လည်း တစ်နေကုန် တစ်ညလုံး ကောင်းကောင်းကြီး ရွာနေတတ်တာမဟုတ်လား။ မိုးကောင်းပြီဆို လေတဟူးဟူးတိုက်ပြီး မိုးရေကျသံ တဝုန်းဝုန်းနဲ့ ဆူညံနေအောင် ရွာတော့တာလေ။ ရန်ကုန်မှာလို မုန်တိုင်း အဖျားခတ်တဲ့ရက်တွေလောက်သာ မိုးကောင်းတတ်တာမျိုး၊ မိုးကောင်းလည်း အချိန်အတိုင်းအတာခဏလေး၊ မိုးလေးအေးအေး တစ်ဖြိုက်ဖြိုက် ရွာတတ်တာမျိုး မဟုတ်ပါဘူး။ နယ်မှာ မိုးလေးတဖွဲဖွဲဆို အေးစိမ့်နေအောင် အကြာကြီး ဆွဲခေါ်ရွာနေတတ်တာမျိုးကိုး။ အဲဒီလို မိုးကောင်းတဲ့ ညတွေမှာ အိပ်ရာထဲ သွပ်မိုးပေါ်ညံနေတဲ့ မိုးရေစက်ကျသံကို နားထောင်ပြီး အိပ်ရတာကလည်း ကျွန်တော်တို့ ငယ်ဘဝအရသာ တစ်ခုပါပဲ။ တစ်ခါတလေ အိမ်ခေါင်မိုးပေါ် ကုက္ကိုပင်ကြီးက သစ်ကိုင်းတွေလည်း ကျိုးကျလာတတ်တယ်။ ကုက္ကိုပင်က အကိုင်းတွေ သွပ်မိုးပေါ်ကျလို့ မြည်သွားတဲ့အသံဟာ ကျွန်တော်တို့ ကလေးအရွယ်တွေ အတွက်တော့ မိုးခြိမ်းသံထက်တောင် ကြောက်ဖို့ကောင်းနေတတ်ပါသေးတယ်။ သစ်ကိုင်းကျိုးကျတဲ့ နေရာမှာ သွပ်က ရေမယို မပေါက် မပြဲဘူးဆိုရင်တော့ မနက်ကျမှ အဖေက ရှင်းလင်းတတ်တယ်။ မိုးရေတွေ ယိုကျလို့ အိမ်ထဲနေလို့ မရနိုင်တော့လောက်အောင် ဖြစ်နေမှသာ ညတွင်းချင်း အိမ်ခေါင်မိုးပေါ် တက်ရပြုရ အလုပ်ရှုပ်ကုန်ကြရတာပါ။ ပုံမှန်ဆိုရင်တော့ “ဟာ လေပြင်းလှချည်လား၊ သစ်ကိုင်းကျိုးပြန်ပြီဟေ့” ဆိုတာလောက်နဲ့ ပြီးသွားတာပဲများပါတယ်။ အဲဒီတုန်းက အိမ်မိုးတဲ့သွပ်တွေကလည်း အခုသွပ်တွေလို ဖိလိုက် နင်းလိုက်တာနဲ့ တွန့်ကြေလိမ်သွားတတ်တာမျိုး မဟုတ်သေးတော့ တော်ရုံသစ်ကိုင်းလောက်ကတော့ စိတ်ချနေလို့ရတာပေါ့။

(၄)
အဲဒီအချိန်တွေတုန်းက ကျွန်တော့်အသက် ဘာရှိဦးမှာလဲ။ ကျောင်းနေစအရွယ် လေးငါးနှစ်ပဲရှိဦးမှာ။ ကျွန်တော်တို့ မမွေးခင်ကတည်းက ကုက္ကိုပင်ကြီးက အိမ်ရှေ့မှာ ထီးထီးကြီး ရှိနေခဲ့တာပါ။ သူ့ ကျောပေါ်မှာ မြို့ထဲကို သူပုန်တွေ ဝင်လာတုန်း ထိမှန်ခဲ့တဲ့ ကျည်ရာတွေ တင်းကျမ်းရှိခဲ့တယ်။ ပင်စည်ကြီးထဲ ကျောင်းသားပြည်သူတွေကို မည်းမည်းမြင်ရာ ရမ်းပစ်လိုက်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေရှိခဲ့တယ်။ ပင်စည်ကအခေါက်ကိုခွာပြီး တေးမှတ်ထားကြတဲ့ သမိုင်းဝင် ရက်စွဲတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော် မွေးတုန်းက အဖေ ဒီအပင်ကြီးအောက် ကွေးနေအောင် ကခဲ့ဖူးတယ်။ အဖေ သမဝါယမမှာ သွားတန်းစီတော့ အမေက ဒီကုက္ကိုပင်အောက်က အဖေ့ကို စောင့်မျှော်နေခဲ့ဖူးတယ်။ အစိတ်တန်တွေ၊ သုံးဆယ့်ငါးကျပ်တန် ခုနစ်ဆယ့်ငါးကျပ်တန်တွေ တရားမဝင်ကြောင်း ကြေညာတော့ အမေက ကုက္ကိုပင်ကြီးအောက်သွားပြီး တရှုပ်ရှုပ် ထိုင်ငိုနေခဲ့တာပေါ့။ ကုက္ကိုပင်ကြီးက ကျွန်တော်တို့ ပတ်ဝန်းကျင်က အဖြစ်အပျက် အားလုံးကို မြင်ခဲ့တယ်။ ဆိုရွားတဲ့ အဖြစ်အပျက်တွေကို တပ်အပ်မြင်ခဲ့ပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံခဲ့တယ်။ ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေကို မားမားရပ်လို့ ကျွန်တော်တို့ အိမ်ရှေ့လမ်းမဘက်က အရိပ်ပေးနေခဲ့တာပေါ့။ သမိုင်းကပေးတဲ့ဒဏ်ရာတွေဟာ သူ့ကျောပေါ်က အမာရွတ်လို သစ်ပင်အခေါက်တွေနဲ့ ဖုံးဖိလို့ နွေဆိုလည်း နွေအလျောက် မိုးရာသီ ဆောင်းဥတု ကျွန်တော်တို့နဲ့အတူရှိခဲ့၊ ကြုံလာသမျှ ရင်ဆိုင်ခဲ့၊ အဖြစ်အပျက်အားလုံးကို သိမ်းထုပ်မှတ်တမ်းတင် သိမ်းဆည်းပေးနေရင်းနဲ့ဲ တစ်နေ့တော့။

အဲဒီတုန်းက ဘာကြောင့်မှန်း မသိဘဲ ကျွန်တော်တို့ မြို့လယ်ကောင်က ကုက္ကိုပင်ကြီးတွေ အတော်များများကို စည်ပင်က အကုန်လိုက်ခုတ်ပစ်ပါတော့တယ်။ လူကြီးတွေဆီကတော့ လမ်းချဲ့မလို့လား မြို့အင်္ဂါရပ်နဲ့ညီအောင် ပလက်ဖောင်းတွေ လုပ်မလို့လားဆိုပြီး တွေးကြ၊ သူတို့အချင်းချင်း ပြောဆိုနေကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဘုံပျောက်သွားတာတော့ အသေအချာပါပဲ။ အိမ်ရှေ့က ကုက္ကိုပင်ကြီးကို ခုတ်လှဲတော့ ရက်အတော်ကြာတဲ့အထိ ကျွန်တော်တို့မှာ ကစားစရာနေရာ မရှိတော့ဘူး ဖြစ်သွားခဲ့တယ်။ ကုက္ကိုပင်ကြီးက အရမ်းကြီးမားလွန်းတော့ ခုတ်တာတောင် ရက်တော်တော် ကြာခဲ့ပါတယ်။ ကျွန်တော်တို့က မကစားကြရပေမယ့် သစ်ပင်ခုတ်တဲ့ အလုပ်သမားတွေရယ်ကို ကလေးပီပီ သွားသွားငေးကြပြန်တာပေါ့။ ရက်နည်းနည်းကြာတော့ ကျွန်တော်တို့ အိမ်ရှေ့က ကုက္ကိုပင်အကြီးကြီးဟာ အပိုင်းပိုင်းပြတ်လို့ အရင်ကုက္ကိုပင်ကြီးရှိတဲ့ မြေကွက်လပ်ကြီးမှာ ထင်းပုံ အကြီးကြီးအဖြစ် ပြောင်းလဲသွားတော့တာပါပဲ။ ပြီးတော့လည်း အဲဒီ ထင်းပုံကြီးကို ကားနဲ့တိုက်သွားကြပြီး သစ်မြစ်ဆုံကြီးကိုတော့ သူတို့က ဆက်မတူးဘဲ ဒီအတိုင်း ထားပစ်ခဲ့ကြတယ်လေ။ ကျွန်တော်တို့အတွက် အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးတစ်ပင် ဆုံးရှုံးခဲ့ရတာပဲ ကျန်ရစ်ခဲ့တယ်။ လူတွေဘယ်လို ဒုက္ခရောက်ကျန်ခဲ့မလဲ မစဉ်းစား၊ လုပ်ချင်ရာ လုပ်သွားကြသလိုပါပဲ။ အခုအချိန်မှာတော့ ကုက္ကိုပင်ကြီးကိုခုတ်ပြီး ကျွန်တော်တို့ရဲ့ အရိပ်အာဝါသတစ်ခုကို တမင်တကာ ဖျောက်ပစ်ခဲ့ကြတာလို့ပဲ ကျွန်တော် ပြန်တွေးနေမိပါတော့တယ်။ သစ်ပင်တစ်ပင်ကရတဲ့ အေးမြမှုမျိုးကိုတောင် မခံစားစေချင်တော့လို့လည်း ဒုက္ခမှန်သမျှမှာ ရုန်းကန်နေရအောင်များ လုပ်ခဲ့လေသလားလို့တောင် ထင်နေမိပါသေးတယ်။ အဲဒီတုန်းက အိမ်ရှေ့မှာ ငေါငေါကြီး ကျန်ခဲ့တဲ့အမြစ်ဆုံကြီးကို တော်တော်နဲ့ မရှင်းနိုင်၊ ဘာမှလည်း လုပ်လို့မရ၊ အချိန်တော်တော်ကြာတဲ့အထိ မျက်စိရှုပ် အကျည်းတန်စရာကြီး ဖြစ်နေခဲ့တာပေါ့။ နေပူပြင်းနေတဲ့ အိမ်ရှေ့မြေကွက်လပ်နဲ့ ကုက္ကိုပင်မြစ်ဆုံကြီးဟာ ကျွန်တော်တို့ကို ဘယ်လိုမှ မအေးချမ်းစေနိုင် စိတ်ကျေနပ်ရာ မဖြစ်စေနိုင်တာတော့ အမှန်ပဲ။ အဲဒါပါပဲ။ အိမ်ရှေ့က ကုက္ကိုပင်ကြီးအကြောင်းကို ပြန်အမှတ်ရ တွေးနေမိတယ် ဆိုတာကလည်း ဒီလောက်ပါပဲ။ အဲဒီ ကုက္ကိုပင်ကြီး မရှိတော့တဲ့ အချိန်ကစပြီး ကျွန်တော်တို့တွေလည်း ပူပြင်းတဲ့ နေရောင်ထဲ အရိပ်မရ၊ မအေးချမ်းနိုင်တော့သလို ပူပြင်းလောင်မြိုက်နေတဲ့ နေ့ရက်တွေကို ပိုပြီး ကြုံခဲ့ကြရတယ်လို့ပဲ ဆိုကြပါစို့ရဲ့။

Most Read

Most Recent