လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆောင်ရွက်မှုမှ အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား

လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆောင်ရွက်မှုမှ အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား
Published 21 January 2021
ပြည့်ဖြိုးအောင်

လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆောင်ရွက်မှုမှ အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော် နိုင်ငံတော်အတွက် ရှာဖွေပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက် ပြုလုပ်သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယသမ္မတက အစိုးရသစ်လက်ထက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီကိုလည်း ကောင်း၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ ကိုလည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုလည်းကောင်း အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ ထုတ်ပြန်ခဲ့ သည့်အတွက် ထူးခြားမှုအနေဖြင့် ပြည်ပရှိမြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အဖွဲ့ရုံးများတွင်လည်း နိုင်ငံခြား သားအမြဲနေထိုင်ခွင့်စနစ် လျှောက်ထားနိုင်မှုကို အဓိကပြင်ဆင် ဖြည့်စွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အထိလျှောက်ထားသူ ၄၃၄ ဦး၊ ၂၀၁၅ခုနှစ်မှ လျှောက်ထားသူ အပါအဝင် ခွင့်ပြုသူ ၄၄၄ ဦး၊ ငြင်းပယ်ခဲ့သူ ၄ ဦး၊ စိစစ်ဆဲ ၁ ဦးရှိကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် လူတွေ့လာရောက် စစ်ဆေးခံရန်  ၁၀ ဦးကျန်ရှိကြောင်း၊မိမိတို့အစိုးရလက်ထက်၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်မှုမှရရှိသည့် နိုင်ငံခြားရငွေမှာ ကနဦး လျှောက်ထားခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၀၀၀၀၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ် လက်မှတ်နှင့် ကတ်ပြားထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ ၂၃၇,၅၀၀၊ နှစ်စဉ် သက်တမ်း ပြန်လည်အတည်ပြုခြင်းမှ အမေရိကန်ဒေါ်လာ ၁၀၃၈၆၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၆၁ဝဝကို နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ဒုတိယသမ္မတက ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နှစ်နိုင်ငံ သားစနစ်ကို ခွင့်ပြုထားခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံလိုသူများနှင့် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင် မဟုတ်သော်လည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်ပါ နိုင်ငံ၏အကျိုးကို ဖော်ဆောင်လိုသည့် မြန်မာနိုင်ငံ သားဟောင်းများနှင့်ဆက်စပ် နိုင်ငံခြားသားများ၊ ၎င်းတို့၏ မှီခိုသူမိသားစုဝင်များ၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထား ခြင်းကို စွန့်လွှတ်စရာမလိုဘဲ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့်အပြင် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်အရ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ အနေဖြင့် စီမံခန့်ခွဲမှုကော်မတီ၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းခဲ့ကြောင်း၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်ခွင့်ပြုပြီးသူ စုစုပေါင်း ယနေ့အထိ ၆၁၇ ဦးရှိကြောင်း၊ ဗဟိုကော်မတီက စိစစ်ထားသည့် မိသားစုအပါအဝင် ဦးရေ ၇၀ ကို COVID-19 ရောဂါ ကင်းစင်ချိန်တွင်  လူတွေ့စစ်ဆေးခံယူရန် ခေါ်ယူပြီး စိစစ်ဆောင်ရွက်ပြီးစီးမှုကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီသို့ တင်ပြကာ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများကို ဆက်လက်ထုတ်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စတင်ဆောင်ရွက်ခဲ့မှုနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားမှု၊ ခွင့်ပြုလက်မှတ်နှင့် ကတ်ပြားထုတ်ပေးမှု အခြေအနေများ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ်နည်းဥပဒေများအရ ကိုက်ညီမှု မရှိ၍ ငြင်းပယ်မှုနှင့် စိစစ်ဆဲ အခြေအနေများနှင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent