ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်တွင်ပင် ကွယ်လွန်သွားခဲ့သူ အကယ်ဒမီငါးထပ်ကွမ်း မင်းသားကြီး ဦးကျော်ဟိန်း

ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်တွင်ပင် ကွယ်လွန်သွားခဲ့သူ အကယ်ဒမီငါးထပ်ကွမ်း မင်းသားကြီး ဦးကျော်ဟိန်း
Published 28 December 2020

တူဖြစ်သူ အကယ်ဒမီဒွေး ကွယ်လွန်ခဲ့သည့် ၁၃ နှစ်ပြည့်သောရက် ဇူလိုင် ၁၁ ရက်တွင်ပင် တိုက်ဆိုင်စွာဖြင့် ကွယ်လွန်သွားခဲ့သူ အကယ်ဒမီငါးဆုရှင် မင်းသားကြီးဦးကျော်ဟိန်း (ဦးကိတ္တိသာရ) ၏ ဖြစ်စဉ်အား ၂၀၂၀ ပြည့်နှစ်အတွင်း ထင်ရှားသည့် အနုပညာရှင်တစ်ဦး ကြွေလွင့်သွားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

ထင်ရှားသည့် အနုပညာဖန်တီးမှုများစွာအား သက်တမ်းတစ်လျှောက်တွင် လုပ်ဆောင်ခဲ့သူ အကယ်ဒမီငါးဆုရှင် သရုပ်ဆောင် ဒါရိုက်တာကျော်ဟိန်း (ဦးကိတ္တိသာရ) မှာ ဇူလိုင် ၁၁ ရက်တွင် သြစတြေးလျနိုင်ငံ၌ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သရုပ်ဆောင်ဒါရိုက်တာ အကယ်ဒမီဦးကျော်ဟိန်းသည် အသက် ၇၃ နှစ်တွင်ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီကျော်ဟိန်းသည် ၁၉၄၇ ခုနှစ်ဇူလိုင် ၁၄ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှစ၍ သရုပ်ဆောင် စန္ဒာနှင့်အတူ “ဖူးစာလမ်းဆုံ” ဇာတ်ကားဖြင့် အနုပညာလောကအတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၄၀၀ နီးပါးတွင် ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် အကာကအချစ် အနှစ်ကမေတ္တာ၊ ၁၉၈၂ ခုနှစ်တွင် မွန်းတည့်ချိန်တွင်နေဝင်သည်၊ ၁၉၈၉ ခုနှစ်တွင်ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ၁၉၉၄ ခုနှစ်တွင် ဝေလည်းမွှေး ကြွေလည်းမွှေး၊ ၂၀၀၃ ခုနှစ်တွင် နေကမွေးတဲ့လ ဇာတ်ကားများဖြင့် အကယ်ဒမီထူးချွန်ဆု ငါးကြိမ်ရရှိခဲ့သူဖြစ်သည်။ ကိုယ်တိုင်ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားအချို့အား ရိုက်ကူးပုံဖော်ခဲ့သူဖြစ်သည်။

အကယ်ဒမီကျော်ဟိန်းသည် တေးသံရှင်တစ်ဦး အဖြစ်လည်း ပရိသတ်အားပေးမှုရရှိခဲ့သူဖြစ်ပြီး တေးစီးရီးများစွာကို သီဆိုထွက်ရှိခဲ့သူဖြစ်သည်။ “မျက်ရည် ငှက်များ နားစေသတည်း”၊ “လူကြီးမင်းများလက်ခုပ်တီးပါ” ၊ “တစ်ကိုယ်တော်လေလွင့်ခြင်း” ၊ “အဓိပ္ပာယ်ရှိသော လူ”၊ “မော်ဒန်အန်းတစ်”၊ “အဓိပ္ပာယ်ရှိသော စင်ပေါ်ကလ သီချင်းများ” စသည့် တေးအယ်လ်ဘမ်များစွာ ထွက်ရှိသည်။ လုုံးချင်းဝတ္ထုများနှင့် ဝတ္ထုတိုများကိုလည်း ရေးသားခဲ့ကာ “ကျွန်တော့်ကိုယ်စား ပြောပေးပါ”၊ “ရောင်စုံ အပိုင်းအစများ”၊ “ကျော်ဟိန်းများ” စသည့် စာအုပ်များမှာ စာဖတ်ပရိသတ်များကြားတွင် ထင်ရှားခဲ့သည်။

ဦးကျော်ဟိန်းသည် ၂၀၀၈ ခုနှစ်တွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။

Most Read

Most Recent