ICJ သည် ဂမ်ဘီယာနိုင်ငံက တောင်း ဆိုခဲ့သည့် ကြားဖြတ်အစီအစဉ်များအားလုံးကို မြန်မာနိုင်ငံက ဆောင်ရွက်ရန် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်၌ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးရင်ဆိုင်ရသည့် တရားရုံးအမိန့်ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ICJ က ချမှတ်ခဲ့သည့် ကြားဖြတ်အစီအစဉ်များမှာ (၁) လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့်အစီအမံများ ဆောင်ရွက်ရန်၊ (၂) မြန်မာတပ်မတော် ဖြစ်စေ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ မကျူးလွန်စေရန်နှင့် ကျူးလွန်အောင် လှုံ့ဆော်မှုများမဖြစ်စေရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများပြုလုပ်ရန်၊ (၃) မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို ဖျက်စီးခြင်းမပြုရန်၊ (၄) လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ တရားရုံးက စစ်ဆေးနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့်အစီအစဉ်များကို လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာတင်ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာတင်ရန်တို့ဖြစ်သည်။
ICJ ကို ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် နိုင်ငံများအကြား အငြင်းပွားမှုကို ဆုံးဖြတ်ပေးရန်အတွက် ကုလသမဂ္ဂ၏ ထိပ်တန်းတရား စီရင်ရေးအဖွဲ့အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။









