ပါ၀ါအမာနှင့် ပါ၀ါအပျော့

ပါ၀ါအမာနှင့် ပါ၀ါအပျော့
Published 5 December 2020

ပါ၀ါ၏ ရည်မှန်းချက်မှာ အခြားသူများက မိမိဖြစ်စေချင်သည်ကို လုပ်ပေးစေရေးအတွက် လွှမ်းမိုးထားရန် ဖြစ်သည်။ ဂျိုးဇက်နိုင်း၏ ရှုမြင်ချက်အရ အကျပ်ကိုင်ခြင်းသည် မိမိဖြစ်စေချင်သကဲ့သို့ အခြားသူများ လိုက်နာလုပ်ဆောင်ရေးလွှမ်းမိုးရန်ဟူသော ရည်မှန်းချက်အောင်မြင်ရေးအတွက် ပါ၀ါအမာ (Hard Power) က အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးမူဝါဒ၌ ပါ၀ါအမာကျင့်သုံးရန်မှာ “မိမိနိုင်ငံ၏ စစ်ရေးအင်အား သို့မဟုတ် စီးပွားရေးအင်အားက အခြေခံအားဖြင့် အခြားနိုင်ငံများ ပူးပေါင်း လုပ်ဆောင်လာစေရန် ဖိအားပေးနိုင်သလား” ဟူသည့်အချက်အပေါ် မူတည်နေသည်။ ထို့ကြောင့် အကောင်းဆုံးအရင်းအမြစ် ရှိသည့် နိုင်ငံများသာလျှင် ပါ၀ါအမာစနစ်ကို အားအကောင်းဆုံး ကျင့်သုံးနိုင်မည် ဖြစ်သည်။ အရင်းအမြစ်ရှိသည့် နိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်ပယ်အခွင့်အရေး ပို၍ရှိပြီး အခြားနိုင်ငံများအပေါ် ချော့တစ်ခါ ရိုက်တစ်လှည့် သို့မဟုတ် ခြိမ်းခြောက်၍ မိမိအလိုရှိရာကို သတ်မှတ်ပြဌာန်းနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် အင်ပါယာတစ်ခုက အခြားသူများအပေါ် အောင်မြင်မှုဖြင့် နိုင်ငံခြား ရေးမူဝါဒဖြင့် လွှမ်းမိုးထားပြီး ၎င်းတို့ကို မိမိ၏စီးပွားရေးအင်ပါယာအတွင်း အတင်းအကျပ် ပါဝင်လုပ်ကိုင်စေခြင်းမျိုး ဖြစ်သည်။ ယနေ့ခေတ်နိုင်ငံများသည် စစ်အင်အား သို့မဟုတ် နိုင်ငံတကာစျေးကွက်များတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အလဲထိုးယှဉ်ပြိုင်ရန် အားထုတ်ကြိုးပမ်းခြင်း အစရှိသော နည်းဗျူဟာများ ပါဝင်သည့် ပါ၀ါအမာကို အသုံးပြုလျက်ရှိသည်။ ပါ၀ါအမာမူဝါဒ၏ အစိတ်အပိုင်းများသည် မိမိ လိုအင်ဆန္ဒရရှိရန်ဟူ၍သာ အဖြေထွက်သည်။ ပါ၀ါအမာမူဝါဒသည် ညှိနှိုင်းခြင်း သို့မဟုတ် အပေးအယူမရှိဘဲ မိမိကိုယ်ကိုယ် ရှင်သန်ရပ်တည်ရေးအတွက် ရိုးရှင်းစွာဆောင်ရွက်သော ကိစ္စတစ်ခုသာ ဖြစ်သည်။ ပါ၀ါအမာမူဝါဒကို ဆန့်ကျင်သူများက ယင်းသည် လူ့ဘဝများနှင့် အရင်းအမြစ်များကို ဖျက်ဆီးခြင်းနှင့် သိက္ခာမဲ့စွာ တည်ဆောက်ခြင်းဟု ထောက်ပြဝေဖန်ကြသည်။

ပါ၀ါအပျော့ (Soft Power) မှာမူ အထက်စီးမှနေ၍ အကျပ်ကိုင်ခြင်း (Hard Power) ကဲ့သို့မဟုတ်ဘဲ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့သည် ဆွဲဆောင်သိမ်းသွင်းမှုမှတစ်ဆင့် အခြားသူများ၏ ဦးစားပေးမှုကို ပုံသွင်းနိုင်စွမ်းဖြစ်သည်။ ပါ၀ါအပျော့၏ စရိုက်လက္ခဏာကို သတ်မှတ်ရာ၌ အကျပ်ကိုင်မှု မရှိခြင်းသည် အဓိကကျပြီး ပါ၀ါအပျော့နှင့်ပတ်သက်၍ ယခုလက်ရှိ သုံးစွဲနေသော အကြောင်းအရာများမှာ ယဉ်ကျေးမှု၊ နိုင်ငံရေးစံတန်ဖိုးများနှင့် နိုင်ငံခြားရေးမူဝါဒများဖြစ်သည်။ ယင်းစကားရပ်ကို မကြာသေးမီက ပွင့်လင်းမြင်သာမှု နည်းပါးသော လမ်းကြောင်းများမှတစ်ဆင့် လူမှုရေးရာနှင့် အများပြည်သူဆိုင်ရာ ထင်မြင်ချက်များကို ပြောင်းလဲစေရန်နှင့် ယင်းထင်မြင်ချက်များအပေါ် သြဇာလွှမ်းမိုးရန် ပြုလုပ်ခြင်းတွင်လည်းကောင်း၊ သြဇာရှိသည့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေးနှင့်မဆိုင်သော အဖွဲ့အစည်းများမှတစ်ဆင့် လော်ဘီလုပ်ခြင်းတွင် လည်းကောင်း၊ စီးပွားရေးသြဇာလွှမ်းမိုးမှုမှတစ်ဆင့် လော်ဘီလုပ်ခြင်းတွင် လည်းကောင်း အသုံးပြုလာသည်။ ၂၀၁၂ ခုနှစ်တွင် ဟားဗက်တက္ကသိုလ်မှ ဂျိုးဆက်နိုင်းက ပါ၀ါအပျော့နှင့် ပတ်သက်၍ “အကောင်းဆုံး ၀ါဒဖြန့်ချိရေးဆိုတာ ၀ါဒဖြန့်ချိရေး မဟုတ်တာပဲ” ဟု ရှင်းပြခဲ့သည်။ ထို့အပြင် သတင်းအချက်အလက်ခေတ်အတွင်း “ယုံကြည်ရမှုသည် အရှားပါးဆုံး ရင်းမြစ်” ဟု ရှင်းပြခဲ့သည်။

ဂျိုးဆက်နိုင်းသည် ပါ၀ါအပျော့ဟူသည့် စကားရပ်ကို ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ဝေသည့် သူ၏စာအုပ် Bound to Lead: The Changing Nature of American Power တွင် သုံးစွဲခဲ့သည်။ ယင်းစာအုပ်တွင် သူက “နိုင်ငံတစ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေကို လိုလားတဲ့အခါ သူတို့ လိုလားလာအောင် လုပ်တာမျိုးကို ဆွဲဆောင်သိမ်းသွင်းခြင်း ဒါမှမဟုတ် ပါ၀ါအပျော့လို့ ဆိုနိုင်ပါတယ်။ ပါ၀ါအမာ ဒါမှမဟုတ် အမိန့်ပေးတဲ့ပါ၀ါနဲ့ ကိုယ် အလိုရှိတာကို တခြားသူကို အမိန့်ပေးတာမျိုးနဲ့ မတူပါဘူး” ဟု ရေးသားခဲ့သည်။ သူသည် ယင်းသဘောတရားကို ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသည့် Soft Power: The Means to Success in World Politics စာအုပ်တွင် နောက်ထပ်ဖွံ့ဖြိုးအောင် ပြုလုပ်ခဲ့သည်။ ယခုအခါ ပါ၀ါအပျော့ဟူသည့် စကားရပ်ကို နိုင်ငံတကာရေးရာများအား လေ့လာသုံးသပ်ရာတွင် သုံးသပ်သူများနှင့် စတိတ်မန်းများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။

၂၀၁၁ ခုနှစ်တွင် ရှီကျင်ပင်းသည် အထွေထွေအတွင်းရေးမှူး ဟူကျင်တောင်ထံမှ အာဏာကို ရယူရန် ပြင်ဆင်နေစဉ် ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေး၌ ယဉ်ကျေးမှုအကြောင်းအရာနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရာ၌ “ကျွနု်ပ်တို့နိုင်ငံကို ဆိုရှယ်လစ်ယဉ်ကျေးမှု စူပါပါ၀ါနိုင်ငံအဖြစ် တည်ဆောက်ဖို့ဆိုတာ အမျိုးသားရေး ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားထားသည်။ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် ရှီကျင်ပင်းက “ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ ပါ၀ါအပျော့ကို တိုးတက်အောင် လုပ်ရမယ်၊ ကောင်းမွန်တဲ့ တရုတ်နိုင်ငံရဲ့ ဇာတ်ကြောင်းကို ပေးပြီး တရုတ်နိုင်ငံရဲ့ မက်ဆေ့ချ်တွေကို ကမ္ဘာကြီးနဲ့ ပိုမိုကောင်းမွန်အောင် ဆက်သွယ်ပေးရမယ်” ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် စီးပွားရေးအင်အားကြီး နိုင်ငံများ) က ၎င်းတို့၏ ပါ၀ါအပျော့ကို ကြီးထွားအောင် ပြုလုပ်လာကြချိန်၌ ပါ၀ါအမာချင်း မယှဉ်သာသည့် မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံ၏ပုံရိပ်ကို တိုးတက်အောင် ပြုလုပ်လျက် ၎င်းတို့အား တန်ပြန်ဆွဲဆောင်သိမ်းသွင်းနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ဒီဇင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent