အာဆင်နယ်နှင့်ပွဲတွင် ဟာရီကိန်း ပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်း မော်ရင်ဟို ပြောကြား

အာဆင်နယ်နှင့်ပွဲတွင် ဟာရီကိန်း ပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်း မော်ရင်ဟို ပြောကြား
Published 4 December 2020

စပါးနည်းပြ မော်ရင်ဟိုက အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲတွင် အသင်းတိုက်စစ်မှူး ဟာရီကိန်း ပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၆)ပွဲတွင် (၁၃)ဂိုးအထိ သွင်းယူပေးထားသူဖြစ်သည်။ 

ဟာရီကိန်းသည် ကြံ့ခိုင်မပြည့်ဝခြင်းကြောင့် ဒီဇင်ဘာ (၃)ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ် LASK (၃-၃) စပါးပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိပေ။ 

ထို့ကြောင့် မော်ရင်ဟိုက ဟာရီကိန်းအနေဖြင့် တနင်္ဂနွေနေ့တွင် ကစားမည့် စပါးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အမီ ကြံ့ခိုင်မှုပြည့်ဝလာရန် မျှော်လင့်နေခြင်းဖြစ်သည်။ 

မော်ရင်ဟိုက "အာဆင်နယ်နဲ့ပွဲအမီ သူ(ဟာရီကိန်း) ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ သိပ်တော့ မသေချာပါဘူး။ သူ့အနေနဲ့ ကုသမှုတွေ ခံယူနေပြီး ကျွန်တော်ကတော့ အာဆင်နယ်နဲ့ပွဲမှာ သူ ပါဝင်ကစားနိုင်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဟာရီကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၁၀)ပွဲကစားထားရာတွင် (၇)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၉)ကြိမ်အထိ ပြုလုပ်ပေးထားသည်။ 

Most Read

Most Recent