၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစုအတွင်း လူသားဝါဒနှင့် ပတ်သက်သော တွေးခေါ်မှုသည် ဉာဏ်အလင်းပွင့်မှု၏ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ခဲ့သည်။ လူသားဆန်မှုနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကိုယ်ကျင့်တရား မဏ္ဍိုင်တစ်ရပ်ကို ယုံကြည်မှုမှနေ၍ လူသားအားလုံးသည် မွေးရာပါ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုရှိသည်ဟူသည့် အချက်ကို လိုက်နာကြသည်။ အီမန်နျူယယ်ကန့်ကဲ့သို့သော လစ်ဘရယ်ကျသည့် လူသားဝါဒီတို့၏ အလိုအရကမ္ဘာလုံးဆိုင်ရာ ဆင်ခြင်တုံတရားနှင့် ပတ်သက်သော ဥပဒေသသည် မည်သို့သော နိုင်လိုမင်းထက်ပြုမှု အမျိုးအစားမဆိုမှနေ၍ လုံးဝလွတ်မြောက်မှုဆီသို့ လမ်းညွှန်မှု တစ်ရပ်ဖြစ်သည်ဟု ခံယူကြသည်။
သို့သော် ၁၉ ရာစုအတွင်း လူသားဝါဒကို စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ဝေဖန်မှုများ အလျင်အမြန် ထွက်ပေါ်လာသည်။ ဖရက်ဒရစ်နစ်ရှေး၏ အလိုအရ လူသားဝါဒသည် ထာဝရဘုရားသခင်အပေါ် ယုံကြည်မှုကို လောကီဆန်အောင် ပြောင်းလဲထားခြင်းသာဖြစ်ပြီး ပြောဆိုစရာ ပုံပန်းသဏ္ဌာန် အလွတ်ကြီးတစ်ခုထက် ဘာမျှမပိုဟုဆိုသည်။ နစ်ရှေး၏ အတွေးအခေါ်များ မတိုင်မီ ဆယ်စုနှစ်များစွာက ထုတ်ဝေခဲ့သော မက်စ်စတာနာ၏ The Ego and Its Own စာအုပ်တွင် အလားတူ အနေအထားတစ်ရပ်ကို ဖော်ပြခဲ့ဖူးသည်။ နစ်ရှေးက သူ၏ Genealogy of Morals (ကိုယ်ကျင့်တရားတို့၏ စဉ်ဆက်ဇယား) စာအုပ်တွင် လူ့အခွင့်အရေးဟူသည် အားနည်းသူများအတွက် အားကြီးသူများကို ထိန်းချုပ်ရန် နည်းလမ်းတစ်ရပ်အဖြစ် တည်ရှိသော်လည်း ယင်းကဲ့သို့သော ပုံစံက ဘဝ၏ လွတ်မြောက်မှုကို အထောက်အကူမပြုဘဲ ယင်းကို ငြင်းဆိုမှုကိုသာ ဖြစ်စေသည်ဟု အခိုင်အမာ ဖော်ပြခဲ့သည်။
ငယ်ရွယ်စဉ်က ကားလ်မာ့က်စ်ကို တစ်ခါတစ်ရံ လူသားဝါဒီအဖြစ် ယူဆကြသည်။ သို့သော် ငယ်ရွယ်စဉ်ကနှင့် ဆန့်ကျင်ဘက်ကျစွာ ရင့်ကျက်လာသော ကားလ်မာ့က်စ်သည် လူ့အခွင့်အရေးကို စံနမူနာပြုလွန်းမှု သို့မဟုတ် စိတ်ကူးယဉ်မှုဟု ဝေဖန်လာခဲ့သည်။ လူ့အခွင့်အရေးသည် လူသားတို့၏ စရိုက်လက္ခဏာများ ပျောက်ဆုံးမှု (လူစိတ်ပျောက်ဆုံးမှု) ကို ဆန့်ကျင်ရန် ရည်ရွယ်သော်လည်း လူ့အခွင့်အရေးကိုယ်တိုင်သည် ယင်းကဲ့သို့သော ပျောက်ဆုံးမှုများ၏ ထွက်ကုန်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အရင်းရှင်ဝါဒသည် လူသားတစ်ဦးချင်းစီအား အကျိုးအမြတ်ရှာဖွေသည့် နည်းလမ်းတစ်ရပ်အတိုင်း ပြုမူရန် တွန်းပို့ခဲ့ပြီး ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ပဋိပက္ခဖြစ်ပွားလျက် ရှိသောကြောင့် ၎င်းတို့ကိုယ်တိုင်အား ကာကွယ်ရန် အခွင့်အရေးများ လိုအပ်ခြင်းဖြစ်သည်ဟု ကားလ်မာ့က်စ်က ဆိုသည်။ ထုတ်လုပ်မှုပုံစံအားလုံးနှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ဖယ်ရှားပစ်သည့် ကွန်မြူနစ်ဝါဒကို ထူထောင်ခြင်းမှတစ်ဆင့်သာ စစ်မှန်သော လွတ်မြောက်မှု ရောက်ရှိလာမည်ဖြစ်ကြောင်း ကားလ်မာ့က်စ်က အခိုင်အမာပြောကြားခဲ့သည်။
၂၀ ရာစုတွင် ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ မိမိကိုယ်မိမိ အုပ်ထိန်းခွင့်ရှိသည်ဟူသော လူသားနှင့် ပတ်သက်သောအမြင်သည် ဆစ်ဂမန်ဖရွိုက်၏ စိန်ခေါ်မှုကိုခံရသည်။ ဖရွိုက်က လူသားတို့သည် မသိစိတ်များအတွင်းရှိသော ဆင်ခြင်တုံတရားနှင့် မလျော်ညီသည့် စိတ်ဆန္ဒများ၏ မောင်းနှင်မှုကို အကြီးအကျယ်ခံရသည်ဟု ယုံကြည်သည်။
မာတင်ဟိုက်ဒေးဂါက လူသားဝါဒကို ကမ္ဘာလုံးဆိုင်ရာ အနှစ်သာရနှင့် အထူးအခွင့်အရေးများ ထုတ်ယူထားသည့် ရုပ်လွန်ဒဿနတစ်ရပ်အဖြစ် ရှုမြင်ပြီး ၎င်းတို့အားလုံး၏ အထက်၌ အခြားသောဖြစ်တည်မှု ပုံစံများရှိသည်ဟုဆိုသည်။ ဟိုက်ဒေးဂါ၏ အလိုအရ လူသားဝါဒသည် ဒဿနိကဗေဒ၏ စံနမူနာအဖြစ် အသိစိတ်ကိုယူကာ ရှောင်ရှားရမည် ဖြစ်သော အဇ္ဈတ္တိကဝါဒနှင့် စိတ်ကူးယဉ်ဝါဒဆီသို့ ဦးတည်သွားစေသည်ဟု ဆိုသည်။ သူ၏ရှေ့မှ တွေးခေါ်ရှင်ဖြစ်သော ဟေဂယ်ကဲ့သို့ပင် ဟိုက်ဒေးဂါက လူသားသည် လူမှုရေးဆိုင်ရာနှင့် သမိုင်းဆိုင်ရာ ဖြစ်တည်မှုများဖြစ်သည်ကို ထောက်ပြသည့် ကန့်၏ မိမိကိုယ်ကိုယ် အုပ်ထိန်းမှုအား ပယ်ချခဲ့ပြီး ကန့်၏သိမှု ပါဝင်ဖွဲ့စည်းမှုကိုလည်း ပယ်ချခဲ့သည်။ သို့သော် ဟိုက်ဒေးဂါသည်သူ၏ Letter on Humanism စာအုပ်၌ လူသားဝါဒနှင့် ဖြစ်တည်မှုပဓာနဝါဒ နှစ်ရပ်စလုံးမှနေ၍ သူ့ကိုယ်သူ ခွာကြည့်ရန် အားထုတ်ခဲ့သော်လည်း ယင်းဝါဒနှစ်ရပ်ဆက်စပ်နေမှုကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ခေတ်အဆက်ဆက်၌ လူသားတို့အကြောင်း လူသားတို့၏ တွေးခေါ်မှုအမျိုးမျိုး ထွက်ပေါ်လာဦးမည်ဖြစ်သော်လည်း ကိုယ်ချင်းစာတရားအပေါ် အခြေခံသည့် အတွေးအခေါ်များသည်သာ ငြိမ်းချမ်းရေးဆီသို့ ရှေးရှုစေနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဒီဇင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်