ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးမှာ အကျဘက်သို့ ဦးတည်နေသဖြင့် ယခုနှစ်အတွင်း လူသန်းရာနှင့်ချီ အလွန်အမင်း ဆင်းရဲမွဲတေမည့်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာလကပင် ပြောကြားထားခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းရန် အားထုတ်ကြိုးပမ်းမှုများမှာ ဆယ်စုနှစ်ပေါင်းများစွာကြာ တိုးတက်မှုများရရှိခဲ့ပြီးနောက် ယခုထွက်ပေါ်လာသည့် ဆင်းရဲမွဲတေမှုနှုန်း ခန့်မှန်းချက်သည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သည်။ အလွန်အမင်းဆင်းရဲမွဲတေမှုဆိုသည်မှာ တစ်ရက်ဝင်ငွေ ၁ ဒသမ ၉၀ ဒေါ်လာအောက်ရှိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ သြဂုတ်လအတွင်းက ခန့်မှန်းချက်အရ ကပ်ရောဂါကြောင့် အလွန်အမင်းဆင်းရဲမွဲတေသွားနိုင်သည့် လူဦးရေသည် သန်း ၁၀၀ ရှိနိုင်ကြောင်း သိရပြီး ၂၀၂၁ ခုနှစ်အတွက် အလွန်အမင်း ဆင်းရဲမွဲတေနိုင်သည့် လူဦးရေမှာ သန်း ၁၅၀ အထိရှိနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။
အကယ်၍ ကပ်ရောဂါ ဖြစ်ပွားခြင်းမရှိခဲ့လျှင် အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းသည် ၇ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိသော်လည်း ယခုတွင်မူ ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။ ယင်းသို့ ဖြစ်လာခဲ့လျှင် အလွန်အမင်းဆင်းရဲမွဲတေမှု လျှော့ချရာတွင် နှစ်ပေါင်းများစွာကြာရရှိခဲ့သည့် ရလဒ်ကောင်းမွန်မှုများကို ဆုတ်ယုတ်သွားစေနိုင်ပြီး စီးပွားရေးအကျပ်အတည်းများနှင့် ပဋိပက္ခများဖြစ်ပွားနေသည့်နေရာဒေသများတွင် ဆင်းရဲမွဲတေမှုများ နှစ်ဆပို၍ခံရနိုင်သည်ဟုလည်း စီးပွားရေးပညာရှင်များက သတိပေးထားသည်။ ဆင်းရဲမွဲတေစွာ နေထိုင်ရသူစုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ကျော်မှာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် နေရာဒေသများတွင် နေထိုင်သူများပင်ဖြစ်သည်။
အလွန်အမင်း ဆင်းရဲမွဲတေမှုနှုန်းသည် မြို့ပြဒေသများတွင်လည်း မြင့်တက်လာနိုင်သဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူများအတွက် ရည်ရွယ်ထားသည့် ထောက်ပံ့ရေးအစီအစဉ်များကိုပါ ခြိမ်းခြောက်ရာရောက်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။ ပဋိပက္ခနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖိအားများအပြင် COVID-19 ကပ်ရောဂါ ဂယက်ကို လျင်မြန်ပြီး ခိုင်မာသည့်မူဝါဒ ချမှတ်လုပ်ဆောင်မှုမရှိလျှင် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေးရည်မှန်းချက်သည် မျှော်မှန်းထားသည်ထက် ပိုမိုဝေးကွာသွားနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုနှုန်းသည်လာမည့် ဆယ်စုနှစ်တွင် ခုနစ်ရာခိုင်နှုန်းခန့်ရှိနိုင်သည်ဟု သတိပေးခဲ့သည်။
၎င်းင်းအပြင် ဘက်ပေါင်းစုံ၌ ဆင်းရဲမွဲတေလျက်ရှိသော ကလေးများအရေအတွက်သည် COVID-19 ကပ်ရောဂါကြောင့် ၁ ဒသမ ၂ ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာတွင် ထုတ်ပြန်သည့် UNICEF နှင့် Save The Children အဖွဲ့တို့၏ သုံးသပ်ချက်အရ သိရသည်။ ယင်းသည် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်သာရှိသည့် နိုင်ငံများတွင် နေထိုင်နေရသည့် ကလေးများအရေအတွက် ၁၅ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်း၌ ကပ်ရောဂါနှိပ်စက်ပြီးနောက်ပိုင်း ဆင်းရဲမွဲတေသည့် ကလေးများအရေအတွက် နောက်ထပ် သန်း ၁၅၀ တိုးလာခြင်းလည်းဖြစ်သည်။ ယခု လေ့လာချက်သည် နိုင်ငံပေါင်း ၇၀ မှ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာ၊ အာဟာရ၊ သန့်ရှင်းရေးနှင့် ရေရရှိမှုတို့အား လေ့လာထားသည့်အချက်အလက်များကို အသုံးပြုကာ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကို သုံးသပ်ထားခြင်းဖြစ်သည်။ ကပ်ရောဂါမတိုင်မီကထက်စာလျှင် ဖော်ပြပါအခြေခံလိုအပ်ချက်များထဲမှ အနည်းဆုံးတစ်ခုပျောက်ဆုံးသွားသည့် ကလေးအရေအတွက်သည် ၄၅ ရာခိုင်နှုန်း တိုးလာနေသည်။
လတ်တလော မြန်မာ့စီးပွားရေးကဏ္ဍကိုကြည့်လျှင် ကုန်ထုတ်လုပ်ငန်းများ ကိုဗစ် Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်နေပြီး ဝယ်လိုအားနည်းပါး၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်ရရှိမှု ကျဆင်းနေပေသည်။ ထို့ပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း ရန်ကုန်မြို့ပြဒေသနှင့် အပူပိုင်းဇုန် ကျေးလက်ဒေသတို့တွင်လည်း ဆင်းရဲနွမ်းပါးမှုနှုန်း ရှစ်ဆခန့် မြင့်မားလာနိုင်သည့်အနေအထားများလည်း ရှိနေကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြထားသည်။ ကိုဗစ်ကြောင့် ဖြစ်လာနိုင်ခြေရှိသည့်အခြေအနေ အချက်အလက်များသည် ဆင်းရဲသောနိုင်ငံများအတွက် ခေါင်းခဲစရာပင်ဖြစ်သည်။ အစိုးရအနေဖြင့် မည်သည့်အချက်အလက်များအပေါ် အခြေခံ၍သုံးသပ်သည်ဖြစ်စေ လက်ရှိကာလ၌ လူမှုစီးပွားဘဝများ ထိခိုက်ခံစားနေကြရသည်မှာ မငြင်းနိုင်ပေ။ COVID-19 ကပ်ရောဂါကို တုံ့ပြန်ရန် ခိုင်မာသည့်မူဝါဒများမရှိလျှင် အနာဂတ်အတွက် ပို၍ပင် စိုးရွံ့ရနိုင်ပေသည်။ မည်မျှရှည်ကြာမည်မသိသော ကိုဗစ်တိုက်ပွဲကို ကြံ့ကြံ့ခံရင်ဆိုင်၍ ဆင်းရဲမွဲတေမှု မည်ကဲ့သို့ လျှော့ချနိုင်မည်နည်းဆိုသည့်အချက်ကို တာဝန်ရှိသူများအနေဖြင့် ကြိုတင်တွက်ချက်ဆောင်ရွက်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဒီဇင်ဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်