မြန်မာရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူနည်းစုများ နေထိုင်သည့် နေရာအများအပြားကို သက်ရောက်စေနိုင်သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က အောက်တိုဘာ ၂၈ တွင် ပြောကြားခဲ့သည်။
မြို့နယ် ၁၅ မြိုနယ်နှင့် ကျေးရွာ၊ အုပ်စု ၄၂ နေရာတွင် ရွေးကောက်ပွဲ ကျင်းပြုလုပ်မည် မဟုတ်ကြောင်း ကြေညာခဲ့သော ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ နယ်မြေခံအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း ဆောင်ရွက်ခဲ့ကြောင်း HRW က ပြောကြားခဲ့သည်။
ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပဲခူးတို့ရှိ မဲဆန္ဒနယ်မြေများတွင် လုံခြုံရေး စိုးရိမ်မှုများကြောင့် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ တွင် ကြေညာခဲ့သည်။
အောက်တိုဘာ ၂၇ တွင် ချင်းပြည်နယ် ပလက်ဝမြိုနယ်အတွင်းရှိ ကျေးရွာ/အုပ်စု ၉၄ နေရာကို ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့်နယ်မြေများ စာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့ပြန်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ထိုဆုံးဖြတ်ချက်ကြောင့် ပြည်သူ ၁.၅ သန်းကျော်သည် မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ပေ။
ကော်မရှင်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူတို့၏ မဲပေးခွင့်ကို ထိခိုက်စေသော ဆုံးဖြတ်ချက်များကို ဆောင်ရွက်နေကြောင်း HRW ၏ အာရှဆိုင်ရာ ဒုတိယဒါရိုက်တာ ဖီးရောဘတ်ဆန်က ပြောကြားခဲ့သည်။ သက်ရောက်မှုရှိခဲ့သော မြို့နယ်တစ်ခုချင်းစီနှင့် ပတ်သက်ပြီး ကော်မရှင်က ၎င်း၏ ဆုံးဖြတ်ချက်အတွက် အပြည့်အစုံ ရှင်းလင်းရန် လိုအပ်ကြောင်း သူက ပြောကြားခဲ့သည်။
နေပြည်တော်တွင် အောက်တိုဘာ ၂၀ က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပခြင်းမပြုသည့် နယ်မြေများစာရင်းကို ဆုံးဖြတ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနများ၏ ထောက်ခံ အကြံပြုချက်များကို အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နယ်မြေများကို ဆုံးဖြတ်ရာတွင် နယ်မြေတစ်ခုချင်းစီအတွက် အခြေခံ အကြောင်းရင်းများကို ကော်မရှင်က ရှင်းရှင်းလင်းလင်း ပြောကြားသင့်သည်ဟု HRWက ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲတွင် ပြည်သူတို့၏ ပါဝင်ခွင့်ကို ထိန်းသိမ်းပေးနိုင်မည့် အဖြေကိုရှာရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်သည် ထိုမဲဆန္ဒနယ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း HRWက ပြောကြားခဲ့သည်။
ထိုမဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲပြုလုပ်ခြင်း မပြုသည့်အတွက် မဲပေးနိုင်မည့် အစားထိုးရက်၊ အခြားနည်းလမ်းများကို ရွေးကောက်ပွဲ ကော်မရှင်က မကမ်းလှမ်းထားပေ။ မြန်မာရွေးကောက်ပွဲ ဥပဒေအရ အစိုးရသက်တမ်း၏ ပထမနှစ်ပြီး နောက်တစ်နှစ်မှသာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပနိုင်မည် ဖြစ်သည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော အစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီတွင် စတင် တာဝန်ယူရမည် ဖြစ်သောကြောင့် ပါလီမန်တွင် သက်ရောက်ခဲ့သော နေရာများအတွက် ၂၀၂၂ ခုနှစ် မတိုင်မီအထိ လစ်လပ်နေမည် ဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ် နေရာအများအပြားတွင် တည်ငြိမ်မှု မရှိသောကြောင့် ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပခြင်း မပြုသည့် နယ်မြေများစာရင်းတွင် ရခိုင်မှ မဲဆန္ဒနယ်များ ပါဝင်ခဲ့ခြင်းက မဆိုသာခဲ့သော်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ မဲဆန္ဒနယ်များ ဖျက်သိမ်းစာရင်းတွင် ပါဝင်ခဲ့ခြင်းက ရွေးကောက်ပွဲကော်မရှင်၏ စံသတ်မှတ်ချက်နှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ကြီးမားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ပဋိပက္ခများ ကြီးမားနေသော လုံခြုံရေးအန္တရာယ်များ ရှိနေသော နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှေ့ဆက်ဆောင်ရွက်ခဲ့ခြင်းက စိုးရိမ်စရာဖြစ်ကြောင်း HRWက ပြောကြားခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ စုတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ စုတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ တွင် ကြေညာခဲ့သည်။
ရခိုင်နှင့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပခြင်း မပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ စုအား ကော်မရှင်က ပြန်လည်ပယ်ဖျက်ခဲ့သည်။















