မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများကို ရှေးမူပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး ယခုမိုးရာသီ ကာလအတွင်း စေတီများ ပြုပြင်ရာတွင် စေတီတစ်ဆူသာ ကျန်ရှိနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အင်အားရစ်ခ်ျစတာစကေး (၆ ဒသမ ၈) အဆင့်ရှိသည့် မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအနက် ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စေတီပုထိုးများကို ၂၀၁၆ ခုနှစ်အတွင်းကပင် စတင်၍ ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် သဗ္ဗညုစေတီတစ်ဆူသာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။
“ငလျင်ဒဏ်ကြောင့် ပျက်စီးမှုကို ပြင်တာ အားလုံးပြီးသွားပြီ။ ငလျင်ဒဏ်ကြောင့် ပျက်စီးတဲ့ အနေအထားကိုပဲ ကောင်းအောင် ပြင်လိုက်တာပေါ့နော်။ အားလုံးတစ်ခုလုံး ကြံ့ခိုင်ဖို့အတွက် မလုပ်နိုင်ပါဘူး။ ပျက်စီးတဲ့ဟာလေးတွေကို ပြင်လိုက်တာပါ။ အားလုံးပြီးသွားပြီး တစ်ဆူပဲ ကျန်ပါတော့တယ်။ အဲဒါက သဗ္ဗညုဘုရားပါ။ ဒါက တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး MoU ထိုးပြီးပြင်တဲ့ ဘုရားပေါ့။ ပြုပြင်ဆောင်ရွက်နေဆဲပါ။ ဒါက တရုတ်ဘက်က ပြင်မှာပါ။ အိန္ဒိယနိုင်ငံက ပြင်တာလဲ သူတို့ ပရောဂျက်နဲ့ လာတာဆိုတော့ သူတို့ကပြင်ဖို့ရာ ကျန်သေးတယ်။ ဒါပေမဲ့ တစ်ဖြတ် သတ်မှတ်ထားတဲ့ဟာတော့ သူတို့အကုန်လုပ်ပြီးသွားပြီး နောက်ပြန်လာဦးမှာပါ”ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ထိခိုက်ပျက်စီးမှုများကို စနစ်တကျပြုပြင်ရေးနှင့် ရေရှည်ကြံ့ခိုင်စေရေးအတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ငလျင်ဒဏ်ခံ စေတီပုထိုးများ၏ ပျက်စီးမှု အခြေအနေများကို နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အဆိုပါ ပျက်စီးခဲ့သည့် ၃၈၉ ဆူတွင် ပထမဦး စားပေးပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူ၊ တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၇၆ ဆူနှင့် အသေးစားပြုပြင်ရန် ၂၂၄ ဆူ ခွဲခြား သတ်မှတ်ခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီး ယနေ့အထိ ပထမဦးစားပေးအဖြစ် ၂၆ ဆူ၊ ဒုတိ ယဦးစားပေးအဖြစ် ၄၃ ဆူ၊ တတိယ ဦးစားပေးအဖြစ် ၆၆ ဆူနှင့် အသေးစားပြုပြင်ခဲ့သည့် စေတီ ၂၂၄ ဆူ အပါအဝင် စုစုပေါင်း ၃၅၉ ဆူကို ရှေးမူပုံစံမပျက် ပြုပြင်ထိန်းသိမ်းပြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ လုပ်ငန်းဆောင်ရွက်ဆဲ ၁၉ ဆူနှင့် ဆောင်ရွက်ရန်ကျန် ၁၀ ဆူသည် ယခုမိုးတွင်းကာလ၌ ပြင်ဆင်မှုပြီးစီးသွားကြောင်း သိရသည်။















